ပုသိမ်မဲစာရင်းကြေညာတဲ့အပေါ် မြို့ခံတွေ စိတ်ဝင်စားမှုနည်းပါး

စက်တင်ဘာ ၃၀ ရက်နေ့ ကနေ အောက်တိုဘာ ၁၃ ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေ နဲ့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ပထမအကြိမ် ကြေညာထားမှာ ဖြစ်ပြီး ကိုယ့်ရဲ့အမည် မဲစာရင်းမှာ မပါဘူးဆိုရင်  ပုံစံ(၃)နဲ့ တောင်းရမယ်လို့လည်း ကြေညာထား ပါတယ်။

၂၊ အောက်တိုဘာ

စစ်ကော်မရှင်က ဦးဆောင်ပြီး ဒီဇင်ဘာလမှာ လုပ်မယ့်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့် ရှိသူတွေရဲ့ အမည်စာရင်းကို ရပ်/ကျေး အုပ်ချုပ်ရေးရုံးတွေမှာ ကြေညာကပ်ထားတာ ၃ ရက်ရှိပြီဖြစ်ပေမယ့် မြို့ခံတွေကတော့ လာကြည့်သူ နည်းပါးနေပါတယ်။

“ရပ်ကွက်ရုံး အတွင်းမှာ ကပ်ထားတာမို့ သတိမထားမိဘူး။ညက အသံ ချဲ့စက်နဲ့ လိုက်အော်တော့ မှ မဲစာရင်း ကပ်ထားတာသိတယ်။ ကျွန် တော်လည်း မအားသေးတော့ ခုထိ မကြည့်ရသေးဘူး။ ကိုယ့်အမည် ပါ/မပါ လည်း မသိသေးဘူး။ လူတွေ အုံးအုံးကျက်ကျက် နဲ့ လာကြည့် တာ မျိုးမရှိဘူး” လို့ ပုသိမ်မြို့ခံ ဆိုင်ကယ်တက္ကစီဆွဲသူ တဦးက DNA ကိုပြောပါတယ်။

မဲဆန္ဒရှင် အမည်စာရင်းကို ရပ်ကွက် နဲ့ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွေ ဖွင့်ထားတဲ့ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ရုံးတွေမှာ စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းက ကပ်ပြီး ညဖက်မှာ အသံချဲ့စက်နဲ့ ရပ်ကွက်တွေ အတွင်းလှည့်လည် ကြေညာခဲ့ပါတယ်။

မဲဆန္ဒရှင် အမည်စာရင်းတွေကို စက်တင်ဘာ ၃၀ ရက်နေ့ ကနေ အောက်တိုဘာ ၁၃ ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေ နဲ့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ပထမအကြိမ် ကြေညာထားမှာ ဖြစ်ပြီး ကိုယ့်ရဲ့အမည် မဲစာရင်းမှာ မပါဘူးဆိုရင်  ပုံစံ(၃)နဲ့ တောင်းရမယ်လို့လည်း ကြေညာထား ပါတယ်။

အလားတူ မပါဝင်သင့်သူတွေ ပါဝင်နေပါက ပုံစံ (၄)နဲ့ ကန့်ကွက်တာ မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေပါက ပုံစံ (၄-ဂ)နဲ့ ပြင်ဆင်လွှာ တင်သွင်းရမှာ ဖြစ်ပြီး လိုအပ်တဲ့ စာရွက် စာတန်း ပုံစံတွေကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ အခမဲ့ထုတ်ယူနိုင်တယ်လို့လည်း ကြေညာထားပါတယ်။

မဲဆန္ဒရှင် အမည်စာရင်းတွေကို ဖြည့်စွက်တာ၊ ပယ်ဖျက်တာနဲ့ ပြင် ဆင်တာတွေ ဆောင်ရွက်ပြီးရင် မဲဆန္ဒရှင် အမည်စာရင်းတွေကို နိုဝင်ဘာလအတွင်း နောက်ဆုံး အကြိမ်အဖြစ် ထပ်မံပြီး ကြေညာပေး သွားမယ် လို့ UEC က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကို စောင့်ကြည့် လေ့လာခဲ့ဘူးသူ တဦးက “၂၀၁၀ ကစလို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေ နဲ့နှိုင်းယှဉ်ရင် စစ်ကောင်စီ ကလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူအများ စုက စိတ်ဝင်စားမှုနည်းတယ်။ ဒါက စစ်တပ်က အာဏာသိမ်း ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ကို ဖျက်ဆီး လိုက်တာက အဓိကအကြောင်းရင်းပဲ။ ကျန်တာက စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတွေကြောင့် ဖြစ်တယ်။ ဒီရွေးကောက်ပွဲမှာ ပါတီတခုခုရဲ့ ရွေးကောက်ပွဲ အနိုင်ရတာ၊အာဏာရသွားတာဟာ သူ(ပြည်သူ)တို့အတွက် အကျိုးစီးပွား မဖြစ်နိုင်တာကြောင့်ပဲ”လို့ သုံး သပ် ပြောဆိုပါတယ်။

ရွေးကောက်ပွဲ မှာ ဆန္ဒမဲပေးကြဖို့ကို  အများစုက စိတ်ဝင်စားမှု မရှိကြပေမယ့် မဲရုံသွား မဲမပေးရင် အဖမ်းခံရမှာ ကြောက်ပြီး မဲပေးရတဲ့သူတွေ ရှိလာမယ်လို့လည်း မှတ်ချက်ပေးပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှာ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့် ရရှိမှာဖြစ်ပြီး  ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ကောင်းကျိုး ဆောင်ပါတီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုး တက်ရေးပါတီ၊ ပုသိမ်မြို့အခြေစိုက် အလုပ်သမား လယ်သမား ပြည်သူ့ပါတီ နဲ့ ဘိုကလေးမြို့အခြေစိုက် ခေတ်သစ်ပြည်သူ့ပါတီတွေက ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။