“စည်ပင်သာယာ ဆိုင်ခန်း ၁၃ ခန်း မီးလောင်ဆုံးရှုံးသွားပေမယ့် လူ နဲ့ တိရိစ္ဆာန် သေကြေ ပျက်စီး ဆုံးရှုံးတာမရှိပါဘူး။”
၁၊ အောက်တိုဘာ
စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့ညက ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့ အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းရှိ မြို့မဈေးသစ်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး စည်ပင်သာယာ ဆိုင်ခန်း ၁၃ ခန်း မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
“ဈေးရဲ့ကမ်းနားဖက် အခြမ်းမှာ ရှိတဲ့ စည်ပင်သာယာ ဆိုင်ခန်းတွေ မီး လောင်သွားတာပါ။ ဘာကြောင့်လောင်တာလဲ၊ ဘယ်သူဆိုင်က စလောင်တာလဲတော့ မသိဘူး။ မြစ်နဲ့နီးတော့ ရေနိုင် လူနိုင်နဲ့မို့ တဈေးလုံး အကုန်မလောင်တာပါ” လို့ ဈေးရှေ့ လမ်းတဘက်ခြမ်းမှာ နေထိုင်သူ တဦး က DNA ကို ပြောပါတယ်။
မနေ့ည ၉နာရီကျော်က စတင်လောင်ကျွမ်းခဲ့ပြီး မိနစ်၃၀ ခန့်အကြာမှာ ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ဆုံးရှုံးမှု ကာလတန်ဖိုးနဲ့ မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းတွေကိုတော့ စစ်ဆေးနေဆဲလို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
“စည်ပင်သာယာ ဆိုင်ခန်း ၁၃ ခန်း မီးလောင်ဆုံးရှုံးသွားပေမယ့် လူ နဲ့ တိရိစ္ဆာန် သေကြေ ပျက်စီး ဆုံးရှုံးတာမရှိပါဘူး ငြိမ်းသတ်ချိန် နာရီဝက် လောက်ပဲကြာတယ်”လို့ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ကန်ကြီးထောင့်မြို့ရဲ့ မြို့မဈေးဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ တဈေးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးပြီး လူ၊ တိရိစ္ဆာန် သေကြေပျက်စီး ဆုံးရှုံးတာ မရှိပေမယ့် ဆိုင်ခန်း နဲ့ ဆိုင်ခန်း အတွင်းရှိ အထည်အလိပ် ကုန်ပစ္စည်း အားလုံး ဆုံးရှုံးခဲ့ဖူးပါ တယ်။