Government Shutdown ဆိုတာ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်လွှတ်တော်က အစိုးရဌာနတွေ ဆက်လက်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေကို အချိန်မီ အတည်မပြုပေးနိုင်တဲ့အခါ ဖြစ်ပေါ်လာတာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်သစ်ဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ပါတယ်။ မနေ့က စက်တင်ဘာ ၃၀ရက်နေ့မှာ အတည်မပြုနိုင်ခဲ့တာကြောင့် လက်ရှိအစိုးရယန္တရားတွေ ရပ်ဆိုင်းသွားပါပြီလို့ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
ပြဿနာအရင်းခံ
အဓိကအားဖြင့် အာဏာရ ရီပတ်ဘလစ်ကန်ပါတီနဲ့ ဒီမိုကရက်ပါတီတို့ကြားမှာ ဘတ်ဂျက်သုံးစွဲမှုဆိုင်ရာ ပြင်းထန်တဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့်ပါ။
ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေဖြစ်တဲ့ (Obamacare) ရဲ့ အာမခံကြေးထောက်ပံ့မှုတွေကို ဆက်လက်တိုးချဲ့ဖို့ ၊ ဖြတ်တောက်ခဲ့တဲ့ Medicaid ရန်ပုံငွေတွေကို ပြန်လည်ပြင်ဆင်ပေးဖို့နဲ့ အများပြည်သူဆိုင်ရာမီဒီယာအတွက် ဖြတ်တောက်ခဲ့တဲ့ ရန်ပုံငွေတွေကို ပြန်လည်ထည့်သွင်းပေးဖို့ ဒီမိုကရက်တွေက တောင်းဆိုနေပါတယ်။
ရီပတ်ဘလစ်ကန်တွေကတော့ ဘတ်ဂျက်ကို လျှော့ချပြီး လက်ရှိအဆင့်အတိုင်း နိုဝင်ဘာလအထိ ယာယီဆက်လက်ထောက်ပံ့မယ့် ဥပဒေကိုသာ အတည်ပြုချင်ပြီး ဒီမိုကရက်တို့ရဲ့ တောင်းဆိုချက်တွေကို လက်မခံချင်ကြပါဘူး။
အစိုးရယန္တရား ရပ်ဆိုင်းသွားရင် ဘာတွေဖြစ်လာမလဲ
အစိုးရ ရပ်ဆိုင်းသွားရင် အစိုးရရဲ့ မရှိမဖြစ် လုပ်ငန်းဆောင်တာတွေက လွဲလို့ ကျန်တဲ့ဝန်ဆောင်မှုတွေ တော်တော်များများ ရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
လူမှုဖူလုံရေး ၊ စစ်ရေးဆိုင်ရာလုပ်ငန်းတွေ ၊ စာပို့လုပ်ငန်း ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လေကြောင်းထိန်းချုပ်ရေးလိုမျိုး မရှိမဖြစ်လို့ သတ်မှတ်ထားတဲ့ လုပ်ငန်းဆောင်တာတွေကတော့ ဆက်လက် လည်ပတ်နေပါမယ်။ ဒါပေမယ့် တချို့ဝန်ထမ်းတွေကတော့ လုပ်ခလစာရရှိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် အမျိုးသားဥယျာဉ်တွေနဲ့ ပြတိုက်တွေ ပိတ်လိုက်တာ ၊ လေကြောင်း ခရီးသွားလာမှု နှောင့်နှေးတာ ၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးတာလိုမျိုး ဝန်ဆောင်မှုအချို့ ယာယီရပ်ဆိုင်းသွားနိုင်ပါတယ်။
Shutdown ကာလ ရှည်ကြာလာမယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေး နှောင့်နှေးတာ ၊ စီးပွားရေးဈေးကွက်ထိခိုက်တာနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု ကျဆင်းတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။
အမေရိကန်မှာ နောက်ဆုံးအကြိမ် အစိုးရယန္တရားရပ်ဆိုင်းခဲ့တာကတော့ ၂၀၁၈ – ၂၀၁၉ ခုနှစ် ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတသက်တမ်းတာဝန်ထမ်းဆောင်ချိန် ဖြစ်ပြီး ၃၅ရက် ကြာမြင့်ခဲ့ပါတယ်။