လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေး အရှိန်မြင့်လုပ်ဆောင်နေပြီး သေဆုံးထိခိုက်သူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။
၁ ၊ အောက်တိုဘာ
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ စက်တင်ဘာ ၃၀ ညနေပိုင်းက ရစ်ချ်တာစကေးလ် ၆ ဒဿမ ၉ မဂ္ဂနီကျုရှိတဲ့ ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။
ငလျင်ကြောင့် လက်ရှိအချိန်ထိ လူ ၂၇ဦးထက်မနည်း သေဆုံး ၊ ၁၄၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ဒီကနေ့ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၃၀ရက်နေ့ ဒေသစံတော်ချိန် ည ၁၀နာရီက နိုင်ငံအလယ်ပိုင်း ဗီဆာရာဒေသ ၊ စီဘူးပြည်နယ် ဘိုဂိုမြို့ ကမ်းရိုးတန်းရေပြင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။
ငလျင်စောင့်ကြည့်ရေး အေဂျင်စီတွေ ရဲ့ ထုတ်ပြန်ချက်အရ ငလျင်ရဲ့ အနက်ဟာ ၁၀ ကီလိုမီတာ (၆ ဒဿမ ၂ မိုင်) ခန့်ရှိပါတယ်။ နောက်ဆက်တွဲငလျင်တွေလည်း လှုပ်ခတ်ခဲ့ပြီး အားအပြင်းဆုံးက ၆ ဒဿမ ၀ ရှိတယ်လို့ သိရပါတယ်။ ဆူနာမီ အန္တရာယ်တော့ မရှိခဲ့ပါဘူး။
ငလျင်လှုပ်ပြီးနောက် လျှပ်စစ်မီးတွေပြတ်တောက်ခဲ့ပြီး နှစ် ၁၀၀ သက်တမ်းရှိတဲ့ ဘုရားကျောင်းတခုအပါအဝင် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေး အရှိန်မြင့်လုပ်ဆောင်နေပြီး သေဆုံးထိခိုက်သူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ပြောပါတယ်။
စီဘူးပြည်နယ် ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ခရီးသွားအလာရောက်ဆုံး နေရာတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေ ၃ ဒဿမ ၄ သန်း နေထိုင်ပါတယ်။ နိုင်ငံရဲ့ ဒုတိယ လူအစည်ကားဆုံး ဝင်ထွက်ပေါက် ဖြစ်တဲ့ Mactan-Cebu အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတော့ ဆက်လက် လည်ပတ်နေပါတယ်။
Ref – Reuters