ထိုင်းနိုင်ငံမှာ အလုပ်သမား ၁၅၀၀ ကျော် ရုတ်တရက် အလုပ်ဖြုတ်ခံရ

“ သူတို့က ဒီနေ့မှ ချက်ချင်းကြီးလာပြောတာ။ ကျွန်တော်တို့အတွက်က အရေးကြီးတာ စာရွက်စာတမ်းတွေ၊ သူတို့က စာရွက်စာတမ်းကို ဘယ်လိုပြန်ပေးမှာလဲ မေးတာကို မပြောဘူး။”

၃၀၊ စက်တင်ဘာလ။

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၁၅၀၀ကျော် ရုတ်တရက် အလုပ်ထုတ်ခံခဲ့ရပြီး အဲဒီအထဲမှာ ဧရာဝတီတိုင်းသား ၂၀ ကျော် ပါဝင်နေပါတယ်။

“ ကျွန်တော်တို့ချည်းပဲ ၆ ယောက် ။ နောက် မြောင်းမြ၊ မအူပင်၊ ဝါးခယ်မ ကလူတွေလည်းပါတယ်။ ရုတ်တရက်ကြီး လူ ၁၅၀၀ ကြီးဆိုတော့ ဧရာဝတီတိုင်းက ဘယ်လောက်ပါတယ်ဆိုတာကို ပြောလို့မရသေးဘူး။ အနည်းဆုံးတော့ ၂၀ က သေချာပေါက်ပဲ ” လို့ ဇလွန်မြို့နယ်ကနေ သွားရောက် အလုပ်လုပ်ကိုင်နေသူ တဦးက DNA ကိုပြောပါတယ်။

ခက်ခွန်းလို့အမည်ရတဲ့ ဒီစက်ရုံဟာ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တာဖြစ်ပြီး အခု အလုပ်ဖြုတ်လိုက်တဲ့ အလုပ်သမား ၁၅၀၀ ကျော်ကို  ၃ လ၊ ၆ လ စာချုပ်တွေနဲ့ ခေါ်ဆိုခဲ့တာဖြစ်ပေမယ့် အလုပ်ရပ်နားမယ်ဆိုရင် ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ပါတယ်။

အလုပ်ရှင်ဘက်က ဒီသဘောတူညီချက်ကို ချိုးဖောက်ပြီး ဒီကနေ့ မနက်မှာ အလုပ်ကရပ်နားဖို့ လာရောက်ပြောခဲ့တာလို့ သိရပါတယ်။

“ သူတို့က ဒီနေ့မှ ချက်ချင်းကြီးလာပြောတာ။ ကျွန်တော်တို့အတွက်က အရေးကြီးတာ စာရွက်စာတမ်းတွေ၊ သူတို့က စာရွက်စာတမ်းကို ဘယ်လိုပြန်ပေးမှာလဲ မေးတာကို မပြောဘူး။ နောက် အလုပ်သမားတွေက မကျေနပ်တော့ နစ်နာကြေး တလစာ ပေးမယ်ပြောတယ်။ ကျွန်တော်တို့က စာရွက်စာတမ်းတွေ ပြန်လိုချင်တာ မပေးဘူး။ ကူညီမယ့်သူတွေကလည်း အပြင်ကနေ ဝင်မရဘူး။ ရဲတွေရော ကျဟာငန်က လူတွေရောနဲ့ ဆိုတော့ နောက်ဆုံးတော့ ကျွန်တော်တို့ လျော့ပေးလိုက်ရတယ်။ စာရွက်စာတမ်းတွေကတော့ အောက်တိုဘာထဲမှာ လာထုတ်ပေါ့ အဲ့လိုပြောတယ် ” လို့ အလုပ်ဖြုတ်ခံရသူ တဦးက ရှင်းပြပါတယ်။

ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေအရ တစုံတရာ ပြစ်မှုမရှိဘဲ အလုပ်ရှင်က လူလျော့ချင်တာကြောင့် အလုပ်သမားတွေကို အလုပ်ဖြုတ်မယ်ဆိုရင် ၁ နှစ်အောက် လုပ်သက်ရှိတဲ့ အလုပ်သမားတွေကို လုပ်ခလစာ ၁ လစာပေးပြီး ရပ်နားနိုင်ပါတယ်။

ဒါပေမယ့် အလုပ်ရှင်က လုပ်ငန်းအဆင်မပြေလို့ လူလျော့တယ်ဆိုတဲ့ အကြောင်းပြချက် ဖြစ်တာကြောင့် အလုပ်သမား ပြန်လည်ခေါ်ဆိုဖို့ ဖြစ်လာတဲ့အခါမှာ သူတို့လျော့ချလိုက်တဲ့ အလုပ်သမားတွေကို ဦးစားပေး ဆက်သွယ်ပြီး ပြန်လည် ခန့်အပ်ပေးရမှာ ဖြစ်ပါတယ်။

ဒါအပြင် အလုပ်သမားတွေဟာ ဒီအလုပ်က ရပ်နားခံရချိန်မှာ အလုပ်ရှင် အပြောင်းအလဲ လုပ်တဲ့ စာရွက်စာတမ်းတွေအပြင် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေကိုပါ ပြန်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ အခြားသော အလုပ်တခုကို ရှာဖွေနိုင်ဖို့အပြင် လုံခြုံဘေးကင်းစွာ သွားလာနေထိုင်နိုင်မှာ ဖြစ်ပါတယ်။

စက်ရုံဘက်က အလုပ်သမားအ‌ရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေကို ဝင်ခွင့်မပေးခဲ့တာကြောင့် ယခုလိုမျိုး အရေးကြီးတဲ့ ဥပဒေပါ အချက်တွေကို တောင်းဆိုခွင့်မရရှိခဲ့ပဲ အလုပ်သမားတွေဟာ ကြေအေးပေးခဲ့ရတယ်လို့ AAC (လက်တွဲကူညီ)ရဲ့ ဒါရိုက်တာ ဖြစ်သူ ဦးခိုင်ကြီးက ပြောပါတယ်။

“ လုပ်သက် ၁ နှစ်အောက်ဆိုရင် ဘတ် ၁ သောင်းလောက်၊ တလ စာလောက်ပေးလိုက်ရင် လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတာ သူတို့ (ထိုင်းလုပ်ငန်းရှင်)စိတ်ထဲ စွဲနေတာ။ အေး ဥပဒေပါ အခွင့်အရေးအရ နင်တို့ ဒီလိုလုပ်တယ်ဆိုရင် ငါတို့ရဲ့ ဥပဒေပါအခွင့်အရေး ဒါတွေကိုလည်း ပြန်ပေးဆိုတာမျိုး အလုပ်သမားတွေဟာ ချက်နဲ့လက်နဲ့ တောင်းနိုင်ဖို့ ကိုယ့်အခွင့်အရေးတွေကို လေ့လာထားသင့်တယ် ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံက လုပ်ငန်းခွင်တချို့ဟာ ဥပဒေချိုးဖောက်မှုတွေ၊ အလုပ်သမား အခွင့်အရေးနဲ့ အလုပ်သမား ဥပဒေတွေကို ချိုးဖောက်လေ့ရှိတာကြောင့် အလုပ်သမားတွေ အနေနဲ့ ဘာသာစကားနဲ့ ဥပဒေကို တတ်နိုင်သမျှ အချိန်ပေး လေ့လာကြဖို့ မြန်မာရွေ့ပြောင်း အလုပ်သမားရေး ကူညီဆောင်ရွက်ကြသူတွေက တိုက်တွန်းကြလေ့ရှိပါတယ်။