တောင်ကိုရီးယားက တရုတ်ခရီးသွားအဖွဲ့တွေကို ဗီဇာကင်းလွတ်ခွင့်ပေး

တောင်ကိုရီးယားကုမ္ပဏီတွေဟာ မြင့်တက်လာတဲ့ ခရီးသွားဝယ်လိုအားကနေ အကျိုးအမြတ်ရဖို့ ကြိုးပမ်းနေကြတာပါ။

၂၉ ၊ စက်တင်ဘာလ

တောင်ကိုရီးယားနိုင်ငံက တရုတ်ခရီးသွားအဖွဲ့တွေအတွက် ဗီဇာကင်းလွတ်ခွင့်ကို ဒီနေ့ စက်တင်ဘာ ၂၉ရက်နေ့စပြီး ခွင့်ပြုလိုက်ပါတယ်။

နိုင်ငံစီးပွားရေးကို မြှင့်တင်ဖို့နဲ့ အာရှအိမ်နီးချင်းဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေဖို့ မျှော်လင့်ချက်နဲ့ အခုလို လုပ်ဆောင်တာ ဖြစ်ပါတယ်။

နောက်နှစ် ဇွန်လအထိ အကျုံးဝင်မယ့် အဆိုပါ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ်ပြည်မကြီးမှ ခရီးသွား ၃ ဦး ဒါမှမဟုတ် ဒီ့ထက်ပိုတဲ့  အဖွဲ့တွေဟာ ဗီဇာမလိုပဲ တောင်ကိုရီးယားမှာ ၁၅ ရက်ကြာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁ ရက်ကနေ ၈ ရက်အထိကျရောက်တဲ့  တရုတ် အမျိုးသားနေ့အားလပ်ရက် (Golden Week) ကာလနဲ့ တောင်ကိုရီးယား အားလပ်ရက်ကာလ မတိုင်ခင် အဆိုပါ အစီအစဉ် ထွက်ပေါ်လာတာပါ။

တောင်ကိုရီးယားကုမ္ပဏီတွေဟာ မြင့်တက်လာတဲ့ ခရီးသွားဝယ်လိုအားကနေ အကျိုးအမြတ်ရဖို့ ကြိုးပမ်းနေကြတာပါ။

Shilla Duty Free အစီအစဉ်ဟာ တရုတ်ခရီးသွားတွေအတွက်  အပျော်စီးသင်္ဘောခရီးစဉ်တစ်ခု စီစဉ်ထားပြီး၊ အစားအစာပို့ဆောင်ရေးအက်ပလီကေးရှင်း Baedal Minjok ကလည်း Alipay ၊ WeChat Pay တို့နဲ့ ငွေပေးချေနိုင်မယ့်စနစ်ကို စတင်နေပါပြီ။

မတ်လကတည်းက ကြေညာခဲ့တဲ့ ဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တရုတ်နိုင်ငံက တောင်ကိုရီးယားနိုင်ငံ​သားတွေကို ရက် ၃၀ အထိ ဗီဇာကင်းလွတ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ပိုင်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံက တရုတ်ပြည်မကြီးက ခရီးသွားတွေကို အခုလို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့တဲ့ နောက်ဆုံးအကြိမ်ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၈ ခုနှစ် မတ်လအထိ Pyeongchang ဆောင်းရာသီ အိုလံပစ်ပွဲတော်ကာလက ဖြစ်ပါတယ်။

အောက်တိုဘာလနှောင်းပိုင်း တောင်ကိုရီးယားမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို တရုတ် သမ္မတ ရှီကျင့်ဖျင် တက်ရောက်လာဖွယ်ရှိပြီး တောင်ကိုရီးယားသမ္မတ လီဂျေမြောင်ရဲ့ အစိုးရသစ်ဟာ တရုတ်နဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

Ref – Reuters