တပတ်အတွင်းသတင်းအနှစ်ချုပ်

၂၇၊စက်တင်ဘာ။

လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။

🔹 အာဏာသိမ်းစစ်တပ်ကိုလက်နက်ပစ္စည်းဝယ်ယူပေးနေတဲ့ကုမ္ပဏီကိုအမေရိကန်အရေးယူ
🔹 နိုင်ငံရေး ပါတီတွေဟောပြောခွင့် UEC ကြေညာ
🔹 ဗန်းမောက်မြို့ကို NUG သိမ်းပိုက်
🔹 မြန်မာနိုင်ငံသားတွေမလေးရှားကို ဗီဇာမလိုဘဲ ၁၄ ရက် လည်ပတ်နိုင်
🔹 နွေကိုမစောင့်ဘဲထွက်ခွါသွားတဲ့ဗစ်တာခင်ညို

🔹 အာဏာသိမ်းစစ်တပ်ကို လက်နက်ပစ္စည်းဝယ်ယူပေးနေတဲ့ကုမ္ပဏီကိုအမေရိကန်အရေးယူ

အာဏာသိမ်းစစ်တပ်အတွက် မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေဝယ်ယူပေးနေတဲ့ Royal Shune Lei ကုမ္ပဏီနဲ့ အမှုဆောင် သုံး ဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က အရေးယူပိတ်ဆို့လိုက် ပါတယ်။

ရန်ကုန်အခြေစိုက်Royal Shune Lei ကုမ္ပဏီရဲ့ အမှု ဆောင်နဲ့ဒါရိုက်တာတွေ ဖြစ်တဲ့ ဦးတင်မျိုးအောင်၊ ဦးအောင်ကိုကိုဦး၊ ဦးကျော်သူမျိုးမြင့်တို့ကို အရေး ယူပိတ်ဆို့လိုက်တယ်လို့ စက်တင်ဘာလ ၂၅ ရက် ကထုတ်ပြန်ကြေညာခဲ့တာပါ။

Royal Shune Lei ကုမ္ပဏီဟာမြောက်ကိုရီးယားအစိုးရရဲ့ Korea Mining Development Trading Corporation(KOMID) နဲ့ ချိတ်ဆက်ပြီးစစ်တပ်အတွက် လက်နက်ဝယ်ယူရန် ၂၀၂၂ ခုနှစ်အတွင်း အကျိုးဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။

ဒါ့အပြင် ၂၀၂၃ နောက်ပိုင်းမှာလည်း လက်နက်ထပ်မံဝယ်ယူပေးဖို့ လုပ်ဆောင်ခဲ့တယ်လို့ဆက် ဖော်ပြထားပါတယ်။

နိုင်ငံရေး ပါတီတွေဟောပြောခွင့် UEC ကြေညာ
ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီမူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်နဲ့ပတ်သက် လို့ရေဒီယို၊ရုပ်မြင်သံကြားအစီအစဉ်တွေကတဆင့် ဟောပြောတင်ပြခွင့်ကိုအောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ခွင့်ပြုပေးမယ်လို့ ရွေးကောက်ပွဲကော်မရှင်(UEC) ကကြေညာထားပါတယ်။

ဟောပြောတင်ပြခွင့်ကို ၁၅ မိနစ်ခွင့်ပြုမှာဖြစ်ပြီး တင်ပြလိုသည့်စာမူ၊ ဟောပြောစည်းရုံးမယ့်သူအမည်၊တာဝန်၊ ဖုန်းနံပါတ်ကို အောက်တိုဘာ ၁၅ နောက်ဆုံးထားကာ ကော်မရှင်သို့ တင်ပြရမယ်လို့ဆိုပါတယ်။

ဒါ့အပြင်

၁။ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံး ညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့်ဟောပြောမှု မပြုလုပ်ရန်၊

၂။ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းသာယာရေးကို ထိခိုက်စေမယ့် ဟောပြောမှု မပြု လုပ်ရန်၊

၃။ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တည်ဆဲဥပဒေတွေကို လေးစားလိုက်နာမှုမရှိတဲ့ ဟောပြောမှု မပြုလုပ်ရန်၊

၄။နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟု တ် ဂုဏ်သိက္ခာ ထိပါးစေရန် ဟောပြောမှု မပြုလုပ် ရန်

၅။တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟု တ် တပ်မတော်ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှု မပြုလုပ်ရန်၊

၆။လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတဦးချင်း သို့မဟုတ် လူအများနဲ့ပတ်သက်လို့ပဋိပ က္ခဖြစ်ပေါ်စေနိုင်တဲ့၊ သိက္ခာနဲ့ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်တဲ့ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရန်၊

၇။ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမှုပြုသော ဟောပြောမှု မပြုလုပ်ရန်၊

၈။ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်ဟောပြောမှု မပြုလုပ်ရန်

၉။နိုင်ငံ့ဝန်ထမ်းတွေကို တာဝန်ကျေပွန်စွာ မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင် ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော်ဟောပြောမှု မပြုလု ပ်ရန်စတဲ့ အချက်၉ချက်ကိုတားမြစ်ထားပါတယ်။

ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင် ပြုလုပ်မှာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းတာ ၆ပါတီအပါအဝင်နိုင်ငံရေးပါတီ ၅၇ ပါတီဝင်ပြိုင်မှာဖြစ်ပါတယ်။

🔹 ဗန်းမောက်မြို့ကို NUG သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို စက်တင်ဘာလ ၂၀ ရက် မှာ အပြီးသတ် သိမ်းပိုက် လိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမှတ်(၁) စစ်ဒေသက ကြေညာပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်ကစလို့ကချင်နှင့်စစ်ကိုင်းတိုင်းနယ်စပ်ဗန်းမောက်မြို့ကို (NUG) တပ်တွေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခြောက်ရက်အကြာမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကိုအမှတ် (၁) စစ်ဒေသ ကွပ်ကွဲမှုနဲ့ ကသာခရိုင်တပ်ရင်း (၂၊ ၄၊ ၅) ၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပကဖ (ဗန်းမောက်မြို့
နယ်၊ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းတွေ၊ အမှတ် (၁) လက် နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့တွေ (ကသာခရိုင် တပ်ရင်း-၂၊ ကသာ ခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

🔹 မြန်မာနိုင်ငံသားတွေမလေးရှားကို ဗီဇာမလိုဘဲ ၁၄ ရက် လည်ပတ်နိုင်

မြန်မာနိုင်ငံသားတွေကို ဗီဇာမလိုဘဲ နိုင်ငံအတွင်း ၁၄ ရက်လည်ပတ်ခွင့်ပြုလိုက်တယ်လို့ရန်ကုန်မြို့ရှိ မလေးရှားသံရုံးကထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေနဲ့မလေးရှားနိုင်ငံကိုကာလတို လည်ပတ်ရန် ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ပြီး ရက်ပေါင်း ၁၄ ရက် နေထိုင်နိုင်တယ်လို့ဆိုပါတယ်။

ဒါပေမယ့်မလေးရှားနိုင်ငံကိုဝင်ရောက်ခွင့်အတွက် နိုင်ငံဝင်ပေါက်၊ ထွက်ပေါက်ရှိလူဝင်မှုကြီးကြပ်ရေး အရာရှိရဲ့ အတည်ပြုချက်အပေါ် မူတည်လို့ ဗီဇာလိုအပ်ချက် ကင်းလွတ်ခွင့်ပြုခြင်းကမလေးရှားနိုင်ငံကိုဝင်ရောက်ခွင့်ရဖို့အာမခံချက်မဟုတ်တာကို သတိပြုစေလိုတယ်လို့လည်းဖော်ပြထားပါတယ်။

🔹 နွေကိုမစောင့်ဘဲထွက်ခွာသွားတဲ့ဗစ်တာခင်ညို

နာမည်ကျော်တေးသံရှင်ဗစ်တာခင်ညိုဟာပြီးခဲ့တဲ့စက်တင်ဘာလ (၂၅) ရက်မှာကွယ်လွန်သွားခဲ့ပါတယ်။

အသက်၈၀အရွယ်တေးသံရှင် ဗစ်တာခင်ညိုရဲ့ နာရေးကို စက်တင်ဘာ ၂၇ ရက်ကရေဝေးသုသာန် မှာပြုလုပ်ခဲ့တာပါ။

ဗစ်တာခင်ညိုရဲ့ နောက်ဆုံးခရီးကို အနုပညာရှင် တွေ၊ ပရိတ်သတ်တွေလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

ဗစ်တာခင်ညိုဟာ နွေ၊ မြခွာညို၊လိုက်ခဲ့တော့ကွယ်၊ ဒီဇင်ဘာနံနက်ခင်းစတဲ့ သီချင်းတွေအပါအဝင် တေးသီချင်းများစွာကိုသီဆိုခဲ့သူပါ။ ဒါ့အပြင် တေးရေးဆရာမောင်မောင်လတ်ရေးသားခဲ့ပြီး ဗစ်တာခင်ညီုသီဆိုခဲ့တဲ့

“နွေ”သီချင်းဟာ ပရိတ်သတ်ကြားအခုထိ ရေပန်း စားနေဆဲဖြစ်ပါတယ်။
“နွေရောက်ပြီလေ ရိုးတံကျဲကျဲပင်အိုတို့အလှချင်းလည်းပြိုင်”လို့သီဆိုခဲ့တဲ့
တေးသံရှင်ဗစ်တာခင်ညိုဟာ နွေကိုမစောင့်ဘဲထွက်ခွာသွားခဲ့ပြီလည်းဖြစ်ပါတယ်။