“အခုနောက်ပိုင်း တော်တော်ဆိုးလာတယ်၊နဂိုက မူးယစ်နဲ့ နာမည်ထွက်တဲ့သူတွေ ရဲနဲ့တောက်လျှောက်ပေါင်းပြီး ခိုင်လုံတဲ့ စီးပွားရေး မရှိပဲ တိုက်တွေ တလုံးပြီးတလုံးဆောက်နေတာ။ ကြားထဲမှာလည်း အဖမ်းခံအဆီးခံရတဲ့ case တွေရှိပေမယ့် ခေါင်းကြီးပိုင်းတွေ လွတ်ပြီးတော့ အစွယ်အမြောင်တွေပဲ အဖမ်းခံနေရတာမျိုး”
၂၇ ၊စက်တင်ဘာ။
ပုသိမ် – မုံရွာကားလမ်းနဲ့ ငသိုင်းချောင်း – ဂွ လမ်းပိုင်းက ရေနံသာစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ ရဲတပ်သား နှစ်ယောက်ဟာ မူးယစ်ဆေးရောင်းချမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ခံနေရပါတယ်။
“ရဲတပ်သားတယောက်ရဲ့ အမည်က ရဲသူလွင် ၊ အခြားတယောက်နာမည်တော့မသိဘူး။ သူတို့က ရဲတွေ အချင်းချင်းကြားမှာလည်း (WY)ဆေးပြားရောင်းတယ်။ အရပ်သားတွေကိုလည်း ရောင်းတယ်။ အဲဒါမိသွား တာ”လို့ ရေကြည်မြို့နယ်ထဲက ရဲတပ်ဖွဲ့မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။
အဲဒီ ရဲနှစ်ယောက်နှစ်ယောက်ကို စက်တင်ဘာလ ၂၃ ရက်က စတင်စစ်ဆေးခဲ့ပေမယ့်လည်း ဒီနေ့အထိတော့ အရေးယူမှု တစုံတရာ မရှိသေးဘူးလို့ သိရပါတယ်။
“ဒီကိစ္စက တိုင်းရဲမှူးအထိသိတဲ့ ကိစ္စ ၊ ဒါပေမယ့် ငသိုင်းချောင်းစခန်းကော ၊ ရေကြည်စခန်းနှစ်လုံးက သတင်းကို အုပ်ထားတာ။ ဆေးပြားဝယ်သုံးတဲ့ရဲတွေပါ အကုန်ပတ်နွယ်ပြီး အရေးမယူချင်လို့ထင်တာပဲ” လို့ ရဲတပ်ဖွဲ့မိသားစုဝင်က ပြောပါတယ်။
အခုနောက်ပိုင်း ဒေသတွင်းမှာ မူးယစ်ဆေးဝါးတွေ ပိုပေါလာပြီး လက်ဖက်ရည်ဆိုင်၊ကွမ်းယာဆိုင် စတဲ့နေရာမျိုးတွေမှာပါ ဝယ်လို့ရတဲ့ အနေအထား ဖြစ်နေပြီး ဈေးလည်းပိုပေါလာတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ကာလတွေက WY ဆေးပြားတပြားကို ၅ ထောင်ခန့် ရှိရာကနေ ၃ ထောင်၊ ၂ထောင် အထိဈေးပေါလာပြီး အနိမ့်ဆုံးဈေး ဆေးပြားတပြားကို ၁ ထောင်နဲ့ ရတဲ့အထိ ဖြစ်လာနေတယ်လို့ ရေကြည်ဒေသခံတဦးက DNA ကိုပြောပါတယ်။
“အခုနောက်ပိုင်း တော်တော်ဆိုးလာတယ်၊နဂိုက မူးယစ်နဲ့ နာမည်ထွက်တဲ့သူတွေ ရဲနဲ့တောက်လျှောက်ပေါင်းပြီး ခိုင်လုံတဲ့ စီးပွားရေး မရှိပဲ တိုက်တွေ တလုံးပြီးတလုံးဆောက်နေတာ။ ကြားထဲမှာလည်း အဖမ်းခံအဆီးခံရတဲ့ case တွေရှိပေမယ့် ခေါင်းကြီးပိုင်းတွေ လွတ်ပြီးတော့ အစွယ်အမြောင်တွေပဲ အဖမ်းခံနေရတာမျိုး”လို့ ဆိုပါတယ်။
မူးယစ်ဆေးရောင်းချလို့ အစစ်ဆေးခံနေရတဲ့ ရဲနှစ်ဦးဟာ ရေကြည်မြို့နယ် မြို့မရဲစခန်းကနေ ရေနံသာစစ်ဆေးရေးဂိတ် ကို တာဝန်ချထားခြင်းခံရသူတွေလို့ သိရပါတယ်။ အခုလို အမှုပေါ်လာပြီးနောက် စက်တင်ဘာလ တတိယပါတ်ထဲမှာ ငသိုင်းချောင်း ရဲစခန်းက ဒေသခံတချို့ကို ရဲစခန်းကို ခေါ်တွေ့တာမျိုးလည်း ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်မိသားစုက ဆိုပါတယ်။
“သတင်းကို အပြင်မထွက်အောင် ခေါ်ပြောတာ”လို့ သူက မှတ်ချက်ပေးပါတယ်။
ရေနံသာစစ်ဆေးရေးဂိတ်ဟာ ဧရာဝတီတိုင်းထဲကနေ ရခိုင်ပြည်နယ်ထဲကို စားသောက်ကုန်နဲ့ စက်သုံးဆီတွေ မဝင် ရောက်အောင် အထူးစစ်ဆေးနေခဲ့တာပါ။ နောက်ပြီး ဒီစစ်ဆေးရေးဂိတ်က အရပ်သားပြည်သူ တွေကို ဖမ်းဆီးတာ ၊ ခေါ်ယူစစ်ဆေးတာတွေကို ရဲ၊စစ်တပ်၊လူဝင်မှုကြီးကြပ်ရေးဌာန၊ထွေအုပ် စတဲ့ ဌာနဆိုင်ရာရုံးပေါင်းစုံထိုင်ပြီး စစ်ဆေးလေ့ရှိတဲ့ ဂိတ်တခု ဖြစ်ပါတယ်။