“အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တော်လှန် ရေး အင်အားစုတွေကတော့ ရွေးကောက်ပွဲကို လက်မခံဖို့ တိုက်တွန်းနေကြပေမယ့်ဘယ်လိုပြုလုပ်သင့်တယ်ဆိုတာအကြံပြုထားတာမျိုးမရှိသေးပါဘူး။”
၂၅၊ စက်တင်ဘာလ။
စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲ ပထမပိုင်းမှာ ပါဝင်နေတဲ့ဧရာဝတီတိုင်းထဲက မြို့နယ် ၈ မြို့နယ်အပြင် အခြားသော မြို့နယ်အချို့မှာ အီလက်ထရောနစ် မဲပေးစက် (MEVM)အသုံးပြုနည်း သရုပ်ပြ လုပ်ငန်းကို အခုလအတွင်းမှာ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
လာမယ့်ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် စစ် ကောင်စီရဲ့ ရွေးကောက်ပွဲ ပထမအသုတ်မှာပါဝင် တဲ့ ကျုံပျော်၊ ပုသိမ်၊ မအူပင်၊ မြောင်းမြ၊ ကြံခင်း၊ မြန်အောင်၊ လပွတ္တာ၊ ဟင်္သာတ မြို့နယ်တွေအပြင် ဘိုကလေးနဲ့ ကျိုက်လတ် မြို့နယ်တွေမှာပါ ဌာနဆိုင်ရာအလိုက် ပူးပေါင်းအဖွဲ့တွေဟာ ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ MEVM အသုံးပြုနည်းတွေကို ဆက်တိုက် သရုပ်ပြမှု ပြုလုပ်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
“ကျွန်တော်တို့ဆီမှာတော့ ဟုတ်တယ်။ နေ့တိုင်း ကျေးရွာ အုပ်စုအလိုက် သရုပ်ပြတာမျိုးတွေလုပ် နေတယ်။ အများစုကတော့ဘုရားတိုက်(ဓမ္မာရုံ)တွေ မှာလုပ်ကြတယ်။ လူတွေကတော့ သူတို့က ဒါလုပ်မယ် ဆိုပြီးကြေညာတယ် ကျေးရွာအုပ်စု တစုကို လူဘယ်နှယောက်ဆိုပြီး မှာထားတာတွေရှိတယ်ကြားတယ်။ စိတ်ဝင်စားလို့သွားကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါက ဘယ်လိုလုပ်ရတာလဲပေါ့ “ လို့ မြောင်းမြမြို့နယ်က ဒေသခံတဦးက ရှင်းပြပါတယ်။
DNA ရဲ့ စုံစမ်းလေ့လာမှုတွေအရ ဒီသရုပ်ပြပွဲတွေကို မြို့နယ်အလိုက် မတူညီတဲ့ ပုံစံမျိုးတွေနဲ့ ပြုလုပ် နေကြတာဖြစ်ပြီး ကျေးရွာအုပ်စုတခုကို လူ ၁၀၀ လာတက်ရမယ်လို့ ညွှန်ကြားချက် လက်ခံရရှိတဲ့ ကျေးရွာတွေရှိသလို ဌာနဆိုင်ရာက ဝန်ထမ်းတွေရဲ့ မိသားစုတွေနဲ့ပဲ သရုပ်ပြပွဲကို ပြုလုပ်ကြတာတွေလည်း ရှိပါတယ်။
“ကျွန်မနားလည်သလောက်တော့ မဲပေးနည်းစနစ် ကို အကုန်လုံးသိအောင် နားလည်အောင် လုပ်ရမှာပဲ။ အရင်ကလည်း ဒီလိုပဲ လုပ်ရတယ်။ အခုသရုပ် ပြပွဲတွေမှာတော့ ကျွန်မတို့ကို မခေါ်သေးဘူး။ တချို့မြို့နယ်တွေမှာတော့ သင်တန်းတက်ထားတဲ့ ဆရာ၊ ဆရာမတွေကိုပါခေါ်တယ် ကြားတယ်” လို့ ဟင်္သာတခရိုင်ထဲကနေ မဲပေးနည်းသင်တန်း တက် ရောက်ထားတဲ့ ကျောင်းဆရာမတဦးက ဆိုပါတယ်။
ဟင်္သာတနဲ့ မြောင်းမြမြို့နယ်ထဲက မဲပေးစက် အသုံးပြုနည်း သရုပ်ပြပွဲကို သွားရောက်ခဲ့သူတချို့ကတော့ မဲပေးနည်းစနစ်က လွယ်ကူရိုးရှင်းတယ်လို့ ဆိုကြပါတယ်။ ပယ်မဲပြုလုပ်လို့မရတာကြောင့် ရွေးကောက်ပွဲကို မထောက်ခံသူတွေအနေနဲ့ကတော့ မဲရုံကို မသွားခြင်းက လတ်တလောအတွက် အဖြေဖြစ်တယ်လို့ အကြံပြုထားကြပါတယ်။
တဖက်မှာလည်း ဘယ်လိုပုံစံမျိုးနဲ့မဆို ကြံ့ခိုင်ဖွံ့ဖြိုးရေးကသာ အစိုးရဖွဲ့နိုင်တဲ့အထိ နိုင်နိုင်အောင် စီစဉ်ထားမှာဖြစ်တာကြောင့် မဲပေးခြင်း၊ မပေးခြင်းဟာ ဒီရွေးကောက်ပွဲအပေါ် သက်ရောက်မှု မရှိနိုင်ဘူးဆိုတဲ့ အမြင် ယူဆချက်တွေလည်း ရှိနေပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တော်လှန် ရေး အင်အားစုတွေကတော့ ရွေးကောက်ပွဲကို လက်မခံဖို့ တိုက်တွန်းနေကြပေမယ့်ဘယ်လိုပြုလုပ်သင့်တယ်ဆိုတာအကြံပြုထားတာမျိုးမရှိသေးပါဘူး။