ရာအိမ်မှူးနဲ့ စကားများသူကို စစ်တပ်ဖုန်းဆက်ပြီး စစ်မှုထမ်းဖို့ထည့်လိုက်ပြီး နောက်ပိုင်း အဆက်အသွယ်မရ


“မဘသဆရာတော်တွေ၊ပြည်သူ့စစ်တွေ ၊ အုပ်ချုပ် ရေးမှူးတွေနဲ့ ကြံ့ဖွံ့ပါတီဝင်တွေက အချိတ်အဆက် ရှိကြတယ်။ တခုခုဆို တပ်ကိုဖုန်းဆက်ခေါ်လို့ရတာလည်း သူတို့ပဲ”

၂၃၊စက်တင်ဘာ။

ပြီးခဲ့တဲ့ မတ်လက ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ မှတ်တိုင်ကျေးရွာအုပ်စု ၊ လယ်တီကျေးရွာမှာ ကျေးရွာရာအိမ်မှူးနဲ့ စကားများရန်ဖြစ်တဲ့သူကို စစ်မှုထမ်းထည့်လိုက်တဲ့နောက် ယနေ့အထိအဆက် အသွယ်မရရှိ‌တော့ပါဘူး။

လယ်တီကျေးရွာက မျိုးမင်းသူ (ခ) ကုလားဟာ ကျေးရွာရာအိမ်မှူး အောင်ဇော်နဲ့ စကားများရန်ဖြစ် ပြီးနောက် အခုလို စစ်မှုထမ်းစာရင်းထဲ ထည့်သွင်းခံခဲ့ရတာပါ။

“စစ်ထဲထည့်ဖို့ ပြည်သူ့စစ်တွေကို ဖုန်းဆက်ခေါ်ပေးတာက စက်ကျောင်းဘုန်းကြီးလည်း ပါတယ်။ ဘုန်းကြီးတွေ ၊ ပြည်သူ့စစ်တွေနဲ့ အုပ်ကြီးတွေက တဖွဲ့တည်း” လို့ မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံက DNA ကိုပြောပါတယ်။

ကျေးရွာရာအိမ်မှူး အောင်ဇော်နဲ့ လယ်တီကျောင်း တိုက် ဆရာတော်က စစ်တပ်ကို ဖုန်းဆက်ခေါ် ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက အတည်ပြုပေးပါတယ်။

“ဘေးရွာက စက်ကျောင်းဆရာတော်နဲ့ အင်္ဂပူပြည် သူ့စစ်ခေါင်း သိန်းစိုးနဲ့က ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ တပ်ကိုတော့ လယ်တီကျောင်းတိုက် ဆရာ
တော်က ခေါ်တာ”လို့ မျိုးမင်းသူ (ခ) ကုလားနဲ့ ရင်းနှီးသူက ပြောပါတယ်။

ပြည်သူ့စစ်တွေဟာ မျိုးမင်းသူ (ခ) ကုလားကို ရန် ဖြစ်တာအကြောင်းပြပြီး ကွင်းကောက်မြို့ကို ခေါ် သွားပေမယ့်လည်း ရက်ပိုင်းအတွင်း စစ်သင်တန်းတက်ဖို့ ထည့်လိုက်ပါတယ်။

“အဲ့ကတည်းက အဆက်အသွယ်မရတော့ဘူး”လို့ ကိုမျိုးမင်းသူရဲ့ မိတ်ဆွေက ပြောပါတယ်။

အင်္ဂပူမြိုနယ် ကံရွာသဒ္ဓမ္မဝံသာရုံ စက်ကျောင်းဆ
ရာတော် ဦးစိန္ဒိတဟာ ဒေသတွင်းမှာ မဘသအဖွဲ့ရဲ့ နာယက ဖြစ်ပြီးတော့ လယ်တီကျောင်းဆရာတော် ဦးပညာဝရဟာ ဥက္ကဌဖြစ်တယ်လို့ ဒေသခံတချို့ကပြောပါ တယ်။

“မဘသဆရာတော်တွေ၊ပြည်သူ့စစ်တွေ ၊ အုပ်ချုပ် ရေးမှူးတွေနဲ့ ကြံ့ဖွံ့ပါတီဝင်တွေက အချိတ်အဆက် ရှိကြတယ်။ တခုခုဆို တပ်ကိုဖုန်းဆက်ခေါ်လို့ရတာလည်း သူတို့ပဲ” လို့ ကွင်းကောက်မြို့ပေါ်မှာနေထိုင် သူ တဦးက ပြောပါတယ်။

အင်္ဂပူမြိုနယ် ကံရွာမှာ ပိန္နဲကွင်းအပိုင်က ရောက်ရှိလာတဲ့ စစ်ဘေးရှောင်မိသားစုကို PDF နဲ့ အဆက် အသွယ်ရှိတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ကံရွာသဒ္ဓမ္မဝံသာရုံ စက်ကျောင်းဆရာတော် ဦးစိန္ဒိတက ပြည်သူ့ စစ်တွေကို ဖုန်းဆက်ခဲ့တာကြောင့် စစ်ဘေးရှောင် တွေ ထွက်ပြေးခဲ့ရတဲ့ ဖြစ်စဉ်လည်း ဒီနှစ် မေလအတွင်းမှာ ဖြစ်ခဲ့ဖူးပါတယ်။