စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း ၁သောင်းကျော်ကို ကြိုတင်ရွှေ့ပြောင်း

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကိုစ့်က သူ့အနေနဲ့ မုန်တိုင်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

၂၉ ၊ စက်တင်ဘာလ

စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို နီးကပ်လာချိန် ဒီကနေ့မှာပဲ လူပေါင်း ၁သောင်းကျော်ကို စာသင်ကျောင်းတွေနဲ့ ခိုလှုံရေးစင်တာတွေဆီ ကြိုတင်ရွှေ့ပြောင်းထားပါတယ်။

အဆိုပါမုန်တိုင်းဟာ နေ့လည်ပိုင်းမှာ ဖိလစ်ပိုင်ရဲ့ Babuyan ကျွန်းဒေသကို ကုန်းတွင်းပိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒေသစံတော်ချိန် မနက် ၁၁ နာရီလောက်မှာ အဆိုပါတိုင်ဖွန်းမုန်တိုင်းဟာ အများဆုံးလေတိုက်နှုန်း တနာရီကို ၂၁၅ ကီလိုမီတာ ( ၁၃၃မိုင်)အထိ တိုက်ခတ်နေပြီး Babuyan ကျွန်းကို ချဉ်းကပ်လာချိန်မှာတော့ ၂၆၅ ကီလိုမီတာ (၁၆၄ မိုင်)အထိ ရောက်ရှိနိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။

Cagayan ဒေသရဲ့ သဘာဝဘေးဆိုင်ရာ အကြီးအကဲ Rueli Rapsing က အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကိုစ့်က သူ့အနေနဲ့ မုန်တိုင်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်းနဲ့ အချိန်မရွေး အကူအညီပေးနိုင်ဖို့ အစိုးရဌာနတွေ အားလုံးကို အသင့်အနေအထား ပြင်ဆင်ထားကြောင်း သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာ ၂၂ရက်နေ့မှာ မိုးသည်းသည်းမည်းမည်းရွာသွန်းနေပြီး မနီလာဒေသအပါအဝင် ဖိလစ်ပိုင်ပြည် ၂၉ခုမှာ စာသင်ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ပိတ်ထားတယ်လို့ သိရပါတယ်။

Ref – CNA