ရွေးကော်ခွင့်မပြုသေးပေမယ့် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးနေ


ပုသိမ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက “ပြည်ခိုင်ဖြိုးပါတီကလွဲလို့ ကျန်ပါတီတွေအားလုံး ဘယ်ပါတီမှ ငွေ၊ အာဏာ နောက်ခံမရှိကြဘူး ဒီရွေးကောက်ပွဲမှာ စစ်ကောင်စီ က ပြည်ခိုင်ဖြိုးပါတီရဲ့ ပြိုင်ဘက်တွေကိုကြိုးတုပ်ပြီး လက်ဝှေ့ကြိုးဝိုင်း ထဲ ဝင်ထိုးခိုင်းနေတာ” လို့ ကောက်ချက်ချပြောပါတယ်။

၂၀ ၊စက်တင်ဘာ။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ က အာဏာသိမ်း စစ် ကောင်စီက လာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ဖို့ တင်ပြတာကို အဲဒီမြို့နယ်ရှိ ရွေးကောက်ပွဲ ကော်မ ရှင်ရုံး တာဝန်ရှိသူတွေကငြင်းပယ်လိုက်ပါတယ်။

မဲဆွယ် စည်းရုံးရေး လုပ်ခွင့်ပြုဖို့ ကျောင်းကုန်းမြို့နယ် ပြည်ထောင်စုကြံခိုင်ရေး ပါတီစည်း ရေးကော်မတီ က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က တင်ပြလာတာကို စက် တင်ဘာ ၁၉ နေ့ မှာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ရုံး က ခွင့်ပြုမပေး ခဲ့တာပါ။

“ကြံ့ခိုင်ရေး ပါတီတင် မဟုတ်ဘူး ဘယ်ပါတီမှ မဲဆွယ်ခွင့်မပေးသေးပါဘူး လွှတ်​တော်ကိုယ်စား
လှယ်လောင်း အမည်စာရင်းတင်သွင်းတာ မပြီးသေးဘူး ၊စစ်ဆေးအတည်ပြုတာတွေလုပ်ရဦးမယ် အခုက စစ်ဆေးအတည်ပြုတာတွေ လည်းမလုပ်ရသေးဘူး”လို့ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူက ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုသေးပေမယ့် လည်းပုသိမ်၊ မြောင်းမြ၊သာပေါင်း ၊ငပုတော ၊ကျောင်းကုန်း၊အိမ်မဲနဲ့ မအူပင် စတဲ့ မြို့နယ်တွေမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက စည်းရုံးရေးမှူးတွေနဲ့ ရပ်ကွက် နဲ့ ရပ်ကျေး အုပ်ချုပ် ရေးမှူးတွေပေါင်းပြီး မဲဆွယ်စည်းရုံးတာတွေ လုပ် နေကြတယ် လို့ ဒသေခံတွေကဆိုပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ရပ်ကွက် ကျေးရွာတွေရှိ နိုင်ငံရေးပါတီရုံး မဟုတ် တဲ့ သူတို့ပါတီဝင်တွေရဲ့အိမ်တွေမှာ လူစုဝေးခွင့် ခွင့်ပြုချက်မရှိပဲ စုဝေးဟောပြောတာတွေကို လုပ် ကြတာပါ။

“တိုင်းဝန်ကြီးချုပ်က ကြံ့ခိုင်ရေးပါတီကလေ စည်းမရှိကမ်းမရှိ မဲဆွယ်နေတာ ဘယ်သူက တိုင်ရဲလို့ ဘယ်လိုသူတွေက အရေးယူရဲမှာလဲ ဒီရွေးကောက် ပွဲက ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို သန်းခေါင်ယံ ကြိုတင်မဲတွေနဲ့ မဲခိုးစရာမလိုပဲနိုင်မှာ”လို့ မြောင်းမြဒေသခံတဦး ကDNA ကို ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ ဧရာဝတီတိုင်းအတွင်းမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက အဓိကပြိုင် ဘက်ပါတီဖြစ်တဲ့ NLDပါတီကို အပြတ်အသတ်
မဲရှုံးရခဲ့ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာလည်း NLDပါတီကို မဲဆန္ဒနယ်အားလုံးမှာ ရှုံးခဲ့ရပါတယ်။

လာမယ့်ဒီဇင်ဘာလ ၂၈ရက်မှာစပြုလုပ်မယ့်ရွေး ကောက်ပွဲမှာတော့ ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒ နယ်တွေမှာ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့်တိုင်;ရင်းသားများဒီမိုကရက်တစ် (ကျားဖြူ)ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ် ရေး ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီ၊ ပုသိမ်မြို့ အခြေစိုက်အလုပ်သမား လယ် သမား ပြည်သူ့ပါတီ နဲ့ ဘိုကလေးမြို့ အခြေစိုက် ခေတ်သစ်ပြည်သူတို့ ဝင်ရောက်ယှဥ်ပြိုင်မှာပါ။

ပုသိမ်မြို့က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ တဦး က”ပြည်ခိုင်ဖြိုးပါတီကလွဲလို့ ကျန်ပါတီတွေအားလုံး ဘယ်ပါတီမှ ငွေ၊ အာဏာ နောက်ခံမရှိကြဘူး ဒီရွေးကောက်ပွဲမှာ စစ်ကောင်စီက ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြိုင်ဘက်တွေကို ကြိုးတုပ်ပြီး လက်ဝှေ့ ကြိုးဝိုင်းထဲ ဝင်ထိုးခိုင်းနေတာ”လို့ ကောက်ချက်ချပြောပါတယ်။