တပတ်အတွင်းသတင်းအနှစ်ချုပ်

၂၀၊စက်တင်ဘာ။

လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။

▪️ အာဆီယံကိုယ်စားလှယ်အဖွဲ့မြန်မာခရီးစဥ်ရွှေ့ဆိုင်း
▪️ မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဖြူးတဲ့နိုင်ငံ စာရင်းမှာမြန်မာပါဝင်
▪️ သမီးရင်းကိုမုဒိမ်းကျင့်တဲ့ဖခင်အားနှစ်ရှည်ထောင်ဒဏ်ချမှတ်
▪️ ဇာတိမြေကိုပြန်ခြေချခဲ့တဲ့AAခေါင်းဆောင်
▪️ မန္တလေး PDF အပတ်စဥ် ၁၇ သင်တန်းဆင်း

▪️ အာဆီယံကိုယ်စားလှယ်အဖွဲ့မြန်မာခရီးစဥ်ရွှေ့ဆိုင်း

အာကာသိမ်းစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ မြန်မာ နိုင်ငံလာရောက်မယ့် အာဆီယံကိုယ်စားလှယ်အဖွဲ့ခရီးစဥ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ Nikkei Asia သတင်းဌာနဖော်ပြချက်အရသိရပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ဦးဆောင်ပြီးအင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီးဆွေးနွေးဖို့မြန်မာနိုင်ငံလာရောက်ဖို့ စီစဉ်ထားတာပါ။

စက်တင်ဘာ ၁၉ ရက်မှာလာရောက်မယ့်ကိုယ်စား လှယ်အဖွဲ့ခရီးစဉ်ကို အောက်တိုဘာလ အစောပိုင်းကို ပြန်လည်စီစဉ်ထားတယ်လို့ မလေးရှားနိုင်ငံခြား ရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဆိုပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ထုတ်ဖော်ပြော ဆိုတာမရှိပါဘူး။

အာဆီယံကိုယ်စားလှယ်အဖွဲ့ခရီးစဉ်က စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေဖို့ ကြိုးပမ်းတာလို့လည်းဝေဖန်မှုတွေရှိနေတာပါ။

▪️ မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဖြူးတဲ့နိုင်ငံ စာရင်းမှာမြန်မာပါဝင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့ မူးယစ်ဆေးဝါးဖြတ်ကျော်သယ်ဆောင်မှု (သို့မဟုတ်) တရားမဝင် မူးယစ်ဆေးဝါး အဓိကထုတ်လုပ်တဲ့နိုင်ငံ တွေမှာမြန်မာပါဝင်နေပါတယ်။

နိုင်ငံပေါင်း၂၃နိုင်ငံကိုအဓိက မူးယစ်ဆေးဝါး ဖြတ် သန်းမှု သို့မဟုတ် အဓိက တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နိုင်ငံတွေအဖြစ် သမ္မတ ထရမ့် ဆုံးဖြတ်ချက်ချမှတ်ကာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ ရက်က အမေရိကန်ကွန်ဂရက်ကို တင်သွင်းခဲ့တာပါ။

အဲဒီနိုင်ငံ ၂၃ နိုင်ငံမှာမြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန် ၊အာဖဂန်နစ္စတန်၊ ဘဟားမား၊ ဘီလစ်ဇ်၊ ဘိုလီးဗီးယား၊ တရုတ်၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ ဒိုမီနီကန်၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒေါ၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွာ၊ ပနားမား၊ ပီရူးနဲ့ဗင်နီဇွဲလားနိုင်ငံတို့ ပါဝင်နေတာဖြစ်ပါတယ်။

▪️ သမီးရင်းကို မုဒိမ်းကျင့်တဲ့ ဖခင်အား နှစ်ရှည်
ထောင်ဒဏ်ချမှတ်

အသက် ၁၂ နှစ်အရွယ် သမီးရင်းဖြစ်သူကို မုဒိမ်းကျင့်ခဲ့တဲ့ ဖခင်အားတောင်ငူခရိုင်တရားရုံးက ထောင်ဒဏ်အနှစ် ၄၀ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ပြစ်မှုကျူးလွန်သူ ဦးကျော်သက်ကို ၃၇၆(၁) ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ်နှစ် ၂၀ နှစ်ကြိမ်စုစုပေါင်း ထောင် ဒဏ်အနှစ် ၄၀ ကိုစက်တင်ဘာ၁၈ရက်ကချမှတ်ခဲ့တာပါ။

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇီးဖြူသောင် ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက် ညက သမီးရင်းကို ဖခင်ဖြစ်သူက မုဒိမ်းကျင့်နေလို့မိခင်ဖြစ်သူကိုယ်တိုင် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

▪️ ဇာတိမြေကိုပြန်ခြေချခဲ့တဲ့AAခေါင်းဆောင်

အာရက္ခတပ်တော်( AA )ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ဇာတိမြေ ရခိုင်ပြည်နယ်ကို ပြန် လည်အခြေချခဲ့တယ်လို့ ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့ပါတယ်။

မွေးရပ်ဇာတိမြေကို ပြန်လည်ခြေချနိုင်ဖို့ အထူးတပ်ဖွဲ့တွေကို နှစ်နဲ့ချီ ကြိုတင်ပြင်ဆင်ခဲ့ပြီးပြီးခဲ့တဲ့ဇွန်လ ၆ ရက်နေ့မှာခြေချနိုင်ခဲ့တာလို့ဆိုပါတယ်။

အခုကာလဟာ ပြည်သူတွေအတွက် အခက်အခဲဆုံး အချိန်ကာလဖြစ်ပြီး အရမ်းပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆင်နွှဲနေတဲ့အတွက် ရခိုင်ပြည်သူတွေနဲ့အတူ ရဲဘော်တွေနဲ့ တမြေတည်း၊ တမိုးတည်းအောက်မှာ အတူရုန်းကန်သွားမယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မောင်တောမြို့ကို သွား ရောက်ပြီး မူဆလင်လူထုတွေနဲ့တွေ့ဆုံခဲ့ကာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ကတည်းကစလို့၁၃ နှစ်ကျော်အကြာပိတ်ထားတဲ့မောင်တောမြို့မဂျာမေဗလီကြီးကို ပြန်လည်ဖွင့်ပေးခဲ့ပါသေးတယ်။

အာရက္ခတပ်တော် AA ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်က ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဗဟိုဌာန ချုပ်တည်ရှိရာ တရုတ်နယ်စပ်လိုင်ဇာမြို့မှာစတင်ဖွဲ့စည်းခဲ့တာပါ။

▪️ မန္တလေး PDF အပတ်စဥ် ၁၇ သင်တန်းဆင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY -PDFရဲ့အခြေခံစစ်ပညာသင်တန်း အပတ်စဉ်-၁၇ သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာပြုလုပ်ခဲ့ပါတယ်။

သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်း၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စည်းကမ်းဆိုင်ရာ၊နိုင်ငံရေးအသိပညာနဲ့ ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့တယ် လို့ထုတ်ပြန်ခဲ့တာပါ။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဌာန(MOD)၊ စစ်ရုံး ချုပ်မှ တာဝန်ရှိသူတွေ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့ ဗမာပြည်သူ့လွတ်မြောက် ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃)တို့မှတာဝန်ရှိသူတွေ၊မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူတွေ၊ တော်လှန်ရေးနယ်ပယ်အသီးသီး မှ ရဲဘော်ရဲဘက်တွေနဲ့ ဒေသခံရပ်မိရပ်ဖတွေတက်ရောက်ခဲ့ပါတယ်။