အထောင်ရဲစခန်းမှူး ခွင့်ပြုချက်နဲ့ဆိုပြီး ဖဲဝိုင်းတွေ ပေါ်ပေါ်ထင်ထင်လုပ်နေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ဒေသတော်တော်များများမှာ လောင်းကစားဝိုင်း မျိုးစုံဟာ ပိုမိုများပြားလာပြီး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြပါတယ်။

၄၊ စက်တင်ဘာလ။

ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ အထောင်မြို့နယ်ထဲမှာ မြို့နယ်ရဲစခန်းမှူးရဲ့ ခွင့်ပြုချက်ရထားတယ်ဆိုပြီး ကိုကျော်နိုင်ဦး(ခ) ကိုဝတုတ်ဆိုသူက ဖဲလောင်းကစားဝိုင်းတွေကို ပေါ်ပေါ်တင်တင်လုပ်နေပါတယ်။

“ ကျွန်တော်တို့ရွာက အုန်းနှဲရိုးပါ။ သူလုပ်နေတာ ကြာပြီး နှစ်နဲ့ချီနေပြီ။ အထောင်မြို့နယ်ရဲစခန်းမှူးက ခွင့်ပြုထားတာ တိုင်ချင်ရာတိုင်ဆိုပြီး လုပ်နေတာ။ ကျွန်တော်တို့ တခါလူစုပြီး တိုင်ဖို့လုပ်ပေမယ့် အန္တရာယ်ရှိမှာစိုးလို့ ဆက်မလုပ်ပဲ ရပ်လိုက်တာ” လို့ ဒေသခံ တဦးက ဆိုပါတယ်။

အုန်းနှဲရိုး ကျေးရွာဟာ ကညင်ဆိုင်ကျေးရွာ အုပ်စုထဲမှာ ပါဝင်တာဖြစ်ပြီး ကညင်ဆိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကပါ ဒီဖဲဝိုင်းတွေကို လျစ်လျူရှုထားသလို ကိုကျော်နိုင်ဦးဆိုသူကလည်း ဖဲဝိုင်းတွေကို  နေ့စဉ်ရက်ဆက် လုပ်နေတယ်လို့ သိရပါတယ်။

“ သူတို့လုပ်နေတာတော့ကြာပြီ။ အခုကျတော့ ခိုးမှုတွေဆက်တိုက်ဖြစ်လာတယ်။ လုယက်မှုတွေစ ဖြစ်လာပြီပေါ့နော်။ သူတို့က(ဒေသခံ)တော့ လုတာ ခိုးတာ အပြင် လူတွေပါ အန္တရာယ်ပြုမှာတွေ စိုးရိမ်တာပေါ့။ နောက်ပြီး ယောက်ကျားလေးတွေကလည်း အလုပ်မရှိကြတာများတော့ ဒီလောင်းကစားဝိုင်းတွေဆီ ရောက်ရောက်သွားတယ် ” လို့ ကျုံပျော်မြို့နယ်ထဲက လူမှုကူညီရေး တက်ကြွလှုပ်ရှားသူ တဦးက ရှင်းပြပါတယ်။

သူကဆက်ပြီး ကိုကျော်နိုင်ဦး(ခ) ကိုဝတုတ်ဆိုသူက သူလုပ်နေတဲ့ ဖဲဝိုင်းတွေနဲ့ပတ်သက်ပြီး မကျေနပ်ကြောင်း ပြောတဲ့သူတွေကို စစ်မှုထမ်းထဲထည့်ခိုင်းမယ်ဆိုတာမျိုး ပြောဆိုခြိမ်းခြောက်မှုတွေ ရှိတဲ့အပြင် တချို့သော ခိုးမှုတွေမှာ ခိုးတဲ့သူကိုသိနေပေမယ့် လောင်းကစားဝိုင်းနဲ့ ဆက်စပ်နေသူတွေဆိုရင် အထောင်ရဲစခန်းက လစ်လျှုရှု့ထားလေ့ရှိလို့ ဒေသခံတွေက မတိုင်ရဲတော့ဘူးလို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ဒေသတော်တော်များများမှာ လောင်းကစားဝိုင်း မျိုးစုံဟာ ပိုမိုများပြားလာပြီး ပေါ်ပေါ်ထင်ထင် လုပ်ကိုင်လာကြပါတယ်။

ဒီထဲမှာ ဧရာဝတီတိုင်းလည်း ပါဝင်နေပြီး ကြက်ဝိုင်း၊ ဖဲဝိုင်း စတဲ့ လောင်းကစားဝိုင်းတွေဟာ ရဲစခန်းနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ မျက်ကွယ်ပြုမှု၊ လာဘ်စားမှုတွေကြောင့် ရဲရဲတင်းတင်း ပြုလုပ်လာနေကြတာဖြစ်ပါတယ်။