ရွှေရည်စိမ်ထားတဲ့ ရွေးကောက်ပွဲစနစ်

“စစ်တပ်အာဏာသိမ်းတာကိုလက်ခံပြီး စစ်ကောင်
စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ချင်နေတဲ့ ပါတီငယ် လေးတွေကိုပါ လွှတ်တော်ထဲရောက်စေချင်တယ်
ဆိုတဲ့ ပြောဆိုချက်တွေနဲ့ PR စနစ်ကိုပါထည့်သွင်းပြီး ရွေးကောက်ပွဲကို ရွှေရည်စိမ်နေတာလည်းဖြစ်ပါတယ်။”

၃၊ စက်တင်ဘာလ။

MMP ရွေးကောက်ပွဲစနစ်ဆိုတာဘာလဲ?

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ရွေး ကောက်ပွဲမှာ MMP လို့ အတိုကောက်ခေါ်တဲ့ Mixed Member proportional လို့ခေါ်တဲ့ ရွေးကောက်ပွဲစနစ်ကို အသုံးပြုသွားမယ်လို့ ကြေညာထားပါတယ်။

ဒီစနစ်ဟာ နိုင်သူအကုန်ယူစနစ် ( အရင်ကျင့်သုံးနေကျ ကိုယ်စားလှယ်လောင်းတဦးကိုသာ ရွေးချယ် တဲ့စနစ် FPTP)နဲ့ အချိုးကျ ကိုယ်စားပြုစနစ် (မဲရရှိမှုအပေါ်မူတည်ပြီး ပါတီကိုယ်စားလှယ်လောင်းခွဲဝေတဲ့စနစ်PR )ကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားပြု မဲဆန္ဒနယ်တွေ အတွက် တော့ အရင်အတိုင်း နိုင်သူအကုန်ယူ စနစ်ကိုပဲ အသုံးပြုမှာဖြစ်ပြီးတော့ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေဟာ ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း
တင်သွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

MMP စနစ်ကိုတော့ အမျိုးသားလွှတ်တော်နဲ့ တိုင်း/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချ ယ်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး စနစ်နှစ်မျိုးကိုရောထားတာဆိုပေမယ့် မဲပေးမယ့်သူတွေကတော့ စနစ်နှစ်ခုအတွက် ခွဲပြီးမဲပေးစရာမလိုပါဘူး။

စနစ်ရဲ့ သဘောအရ မဲဆန္ဒနယ်ရဲ့ တဝက်ကို နိုင်သူအကုန်ယူစနစ်နဲ့ယှဉ်ပြိုင်ပြီး အဲ့ဒီနိုင်သူအကုန်ယူစနစ်မှာပဲ ပေးထားတဲ့မဲတွေကို အချိုးကျကိုယ်စားပြုမှု စနစ်အတွက် ထပ်မံအသုံးပြုပြီး အချိုးကျခွဲဝေသွားမှာဖြစ်ပါတယ်။

ဧရာဝတီတိုင်းမှာဆိုရင်တော့အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးရရှိနိုင်ဖို့အတွက် မဲဆန္ဒနယ် ၆ နေရာသတ်မှတ်ပြီး နိုင်သူအကုန်ယူစနစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ် ရမှာပါ။

ရရှိတဲ့မဲတွေကို ဒီမဲဆန္ဒနယ်တွေမှာ ယှဉ်ပြိုင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားပြုပါတီတွေကို အချိုးကျပြန်ခွဲဝေပြီး ကိုယ်စားလှယ်လောင်း ၆ ဦးကို ထပ်ရွေးတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ ကိုယ်စားလှယ်လောင်းဆိုတာထက် ပါတီကို ပြန်ရွေးတာမျိုးဖြစ်ပါတယ်။

အလွယ်ပြောပြရရင်တော့ ဒီမဲဆန္ဒနယ် ၆ ခုထဲမှာ ပါတီ ၃ ခုရဲ့ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်
ယှဉ်ပြိုင်တယ်ဆိုရင် PR စနစ်အတွက် အချိုးချရမှာက ပါတီ ၃ ခုစာဖြစ်ပါတယ်။ အဲ့ဒီပါတီ ၃ ခုဟာ အဖြူရောင်ပါတီ၊ အညိုရောင်ပါတီနဲ့ မီးခိုးရောင် ပါတီတို့ ဖြစ်တယ်လို့ ထားကြည့်လိုက်ပါမယ်။

အဲ့ဒီမှာ ဆန္ဒမဲက စုစုပေါင်း ၁၀၀ ရရှိတယ်။ အဖြူရောင်ပါတီက ၆၀၊ အညိုရောင် ပါတီက ၂၀ နဲ့ မီးခိုးရောင်ပါတီက ၂၀ ဆိုပြီးမဲရမယ်။ စုစုပေါင်းမဲရရှိမှု ရာခိုင်နှုန်းက ဒီလိုမျိုးဆိုရင် အဖြူရောင်ပါတီက ကိုယ်စားလှယ် ၆ ဦးနေရာအတွက် ၆၀ ရာခိုင်နှုန်းရမှာဖြစ်တဲ့အတွက် ကိုယ်စားလှယ် ၄ ဦးစာရရှိမှာဖြစ်ပြီး ကျန်တဲ့ နှစ်ပါတီကတော့ ကိုယ်စား လှယ် ၁ ဦးစာစီရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် စနစ်နှစ်ခုကို ပြန်ပေါင်းလိုက်တဲ့အခါမှာ မဲဆန္ဒရှင်တွေက တိုက်ရိုက်ရွေးချယ်သူ ၆ ဦးနဲ့ အချိုးကျ ပြန်လည်ခွဲဝေတဲ့ စနစ်အရ ပါတီတွေက ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ် ၆ ဦး စုစုပေါ င်း ၁၂ ဦးဟာ လွှတ်တော်ထဲကို ရောက်ရှိလာမှာဖြစ်ပါတယ်။

အကယ်၍ အဖြူရောင်ပါတီက နိုင်သူအကုန်ယူစနစ်မှာလည်း နေရာ ၆ နေရာစလုံးရရှိခဲ့မယ်ဆိုရင် သူ့ရဲ့ စုစုပေါင်း ကိုယ်စားလှယ်အရေအတွက်ဟာ ၁၀ ဦးဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီစနစ်ကို တိုင်း/ ပြည်နယ် လွှတ်တော်တွေအတွက် လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒီစနစ်ကို အသုံးပြုဖို့ စီစဉ်ထားပေမယ့် PR စနစ်မှာ ရာခိုင်နှုန်းကိုတွက်ချက်နိုင်ဖို့အတွက် ပါတီတွေဟာ သက်ဆိုင်ရာ မဲဆန္ဒနယ် အကုန်လုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လို၊ မလိုဆိုတာနဲ့ အကယ်၍ နေရာ ၆ နေရာအတွက် ပါတီ နှစ်ခုနဲ့ နှစ်ခုထက်ပိုတဲ့ ပါတီတွေဟာ မဲအရေအတွက် အတူတူဖြစ်နေမယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မယ်ဆိုတာမျိုးတော့ ရှင်းရှင်းလ င်းလင်း မသိရသေးပါဘူး။

လာမယ့်ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်ကနေ ပြုလုပ်မှာဖြစ်တယ်လို့ ဆိုထားတာကြောင့် လွှတ်တော်ထဲမှာ စစ်တပ်က လွှတ် တော်ကိုယ်စားလှယ်ဟာ ၂၅ ရာခိုင်နှုန်း ပါဝင်နေဦးမှာပဲဖြစ်ပါတယ်။

ဒါအပြင် အရင်ကတည်းက အင်အားကြီးပါတီတခုဖြစ်ခဲ့တဲ့စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီဟာလည်း အခြားပါတီငယ်လေးတွေ လှုပ်ရှားနိုင်ခြင်း မရှိသေးခင်အချိန်ကတည်းက ပါတီလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ကျောထောက်နောက်ခံရှိနေတဲ့ ကြံ့ခိုင်ရေးပါတီဟာ တနိုင်ငံလုံးရဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်းရရုံနဲ့ လွှတ်တော်တွင်းမှာ ၅၅ ရာခိုင် နှုန်း အလိုအလျောက် ရပြီးသားဆိုတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီအခြေအနေမှာ စစ်တပ်ကအာဏာသိမ်းတာကိုလက်ခံပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ချင်နေတဲ့ ပါတီငယ်လေးတွေကိုပါ လွှတ်တော်ထဲရောက်စေချင်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ PR စနစ်ကိုပါထည့်သွင်းပြီး ရွေးကောက်ပွဲကို ရွှေရည် စိမ်နေတာလည်းဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာ၂၈ရက်ကစတင်ပြီး အပိုင်းလိုက်ပြုလုပ်မယ်လို့ကြေညာထားကာ တနိုင်ငံလုံးအတိုင်းအတာ ၉ပါတီနဲ့ တိုင်း၊ပြည်နယ်အလိုက်၅၂ပါတီ စုစုပေါင်းပါတီ၆၁ပါတီဝင်ပြိုင်မယ်လို့သိရပါတယ်။