ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ ကောင်းမွန်ပြီး ပြုံယမ်းစစ်တပ်ဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားဘက်က ကူတိုက်ပေးနေတယ်လို့ သမ္မတပူတင်က ပြောခဲ့ပါတယ်။
၃ ၊ စက်တင်ဘာ
ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ စစ်ကူတိုက်ပေးတဲ့အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကို ကျေးဇူးတင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။
ခေါင်းဆောင်နှစ်ဦးစလုံးဟာ မြို့တော်ဘေဂျင်းမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်နေ့က ပြုလုပ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးစစ်ရေးပြပွဲကို တက်ရောက်လာစဉ်မှာ တွေ့ဆုံခဲ့ကြတာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်အနေနဲ့ အခုလို ကမ္ဘာ့ခေါင်းဆောင်တွေ စုဝေးတဲ့ အခမ်းအနားကို ပထမဆုံးတက်ရောက်လာတာပါ။ ကင်မ်ဟာ မြောက်ကိုရီးယားနိုင်ငံထဲကနေ ထွက်လေ့မရှိပဲ ပုံမှန်အားဖြင့် ခေါင်းဆောင်တွေနဲ့ တဦးချင်းသာ တွေ့ဆုံလေ့ရှိတာ ဖြစ်ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ ကောင်းမွန်ပြီး ပြုံယမ်းစစ်တပ်ဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ ရုရှားဘက်က ကူတိုက်ပေးနေတယ်လို့ သမ္မတပူတင်က ပြောခဲ့ပါတယ်။
ရုရှားဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီကလည်းက ယူကရိန်းကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တာပါ။
“မြောက်ကိုရီးယားစစ်သားတွေဟာ သတ္တိရှိရှိနဲ့ သူရဲကောင်းဆန်ဆန်တိုက်ခိုက်ခဲ့တယ် ၊ မင်းတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ၊ သူတို့ရဲ့ မိသားစုဝင်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မေ့မှာမဟုတ်ဘူးဆိုတာ သိစေချင်တယ်” လို့ ပူတင်က ကင်မ်ကို ပြောခဲ့ပါတယ်။
ကင်မ်ကလည်း သူ့အနေနဲ့ ရုရှားအတွက် တက်နိုင်သမျှ ကူညီသွားမယ်လို့ ပြန်ပြောပါတယ်။
တောင်ကိုရီးယားရဲ့ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားဟာ ယူကရိန်းမှာ တိုက်ဖို့ ရုရှားဆီကို စစ်သားအင်အား ၁၅,၀၀၀ အပြင် မစ်ဇိုင်းနဲ့ တာရှည်ပစ်လက်နက်တွေကို ပို့ဆောင်ခဲ့ပြီး အပြန်အလှန်အနေနဲ့ ရုရှားဆီက စားနပ်ရိက္ခာ ၊ ငွေကြေးနဲ့ နည်းပညာဆိုင်ရာအကူအညီတွေ ပြန်လည်ရယူခဲ့တယ်လို့ သိရပါတယ်။
Ref – BBC