အာဖဂန်နစ္စတန်ရဲ့ ပဥ္စမမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ ဂျာလာလာဘတ်ရဲ့ အရှေ့ဘက် ၁၇မိုင်အကွာ နန်ဂါဟာခရိုင်ထဲကို ဗဟိုပြုခဲ့ပြီး မြေအောက်အနက် ၈ ကီလိုမီတာမှာ လှုပ်ခဲ့တယ်လို့ သိရပါတယ်။
၂ ၊ စက်တင်ဘာလ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့နှောင်းပိုင်းက အာဖဂန်နစ္စတန်နိုင်ငံမှာ ပြင်းအား ၆.၀ မဂ္ဂနီကျုဒ့် ရှိတဲ့ ငလျင်တခု လှုပ်ခတ်မှုအတွင်း လူပေါင်း ၈၀၀ ကျော်သေဆုံးပြီး ၃၀၀ နီးပါး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ရက်နေ့မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်ရဲ့ ပဥ္စမမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ ဂျာလာလာဘတ်ရဲ့ အရှေ့ဘက် ၁၇မိုင်အကွာ နန်ဂါဟာခရိုင်ထဲကို ဗဟိုပြုခဲ့ပြီး မြေအောက်အနက် ၈ ကီလိုမီတာမှာ လှုပ်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်အရှိန်ကြောင့် မြို့တော် ကဘူးလ်မြို့ကနေ ပါကစ္စတန် မြို့တော် အစ္စလာမာဘတ်အထိ သက်ရောက်မှု ရှိခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှာယာဖက် ဇာမန်က ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို ကိုယ်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာအကူအညီတွေ တောင်းခံထားပါတယ်။
လက်ရှိတာလီဘန်အုပ်ချုပ်နေတဲ့ အာဖဂန်မှာ နိုင်ငံတကာအကူအညီတွေ သိသိသာသာကျဆင်းနေပြီး စစ်ဘေးဒဏ်ခံစားနေရတာပါ။ အဆိုပါ ငလျင်ကပ်ဘေးဟာ အာဖဂန်အတွက် ပိုပြီး အခက်အခဲဖြစ်စေပါလိမ့်မယ်။
လက်ရှိမှာ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပေမယ့် ရာသီဥတုဆိုးရွားတာကြောင့် ဝေးလံတဲ့ တောင်ပေါ်ဒေသတွေဆီ ကယ်ဆယ်ရေးဝန်ထမ်းတွေရောက်ဖို့ ကြိုးပမ်းနေရဆဲပါ။
“ငလျင်လှုပ်တဲ့ ဧရိယာက ပြီးခဲ့တဲ့ ၂၄နာရီကနေ ၄၈နာရီအတွင်း မိုးသည်းသည်းမည်းမည်းရွာထားတာပါ။ မြေပြိုနိုင်တဲ့ အန္တရာယ် အင်မတန်ကြီးပါတယ်။ ဒါ့ကြောင့် လမ်းတွေလည်း သွားလို့မရဖြစ်နေတာပါ။”လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)ရဲ့ အရာရှိတဦးဖြစ်တဲ့ ကိတ် ကာရေက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လတုန်းကလည်း အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာပဲ ပြင်းအား ၆.၁ မဂ္ဂနီကျူရှိတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Ref – Reuters / BBC