“ဖြုတ်ညို (ဖျက်ပိုးတမျိုး) ကျလို့ ပျက်ဆီးဆုံးရှုံးတာတွေလည်းရှိတယ်။ ဒီစပါးဈေးနဲ့က အမြတ်ရဖို့ တွေးတောင်မတွေးရဲဘူး။ အကြောင်းမလှလို့ ရိတ် ချိန်မိုးရွာရင် လယ်သမားတွေ စုပြီး ထိုင်ငိုကြတာပေါ့ ဗျာ”လို့ ဟင်္သာတနယ်ထဲက လယ်သမားကပြောပါတယ်။
၁၊စက်တင်ဘာ။
စပါးဈေးက တင်း ၁၀၀ ကို ကျပ် ၇ သိန်းအထိ ကျဆင်းသွားတာကြောင့် ဧရာဝတီတိုင်းက လယ်သ မားတွေတချို့ဟာ ရိတ်ခြွေစက်အဖိုးအခ ရှင်းပေးဖို့တောင် ပိုက်ဆံမရှိတော့တဲ့ အခြေအနေကို ရင်ဆိုင် နေရတယ်လို့ ပန်းတနော်မြို့နယ်ထဲက လယ်သမားတဦးကပြောပါတယ်။
“လာမယ့်ရာသီစပါးစိုက်ဖို့အတွက် ဘယ်သူမှခွန်အားမရှိတော့ဘူး”လို့ သူကဆက်ပြောပါတယ်။ အခုလို စပါးဈေးကွက် အလွန်အကျွံကျဆင်းသွားချိန်မှာ စပါးဝယ်ယူသူကလည်း မရှိတော့ဘူးလို့ ဧရာဝတီတိုင်း က လယ်သမားတွေကပြောပါတယ်။
လယ်သမားအချို့ကတော့ဝယ်ယူသူမရှိဘဲဈေးနှုန်း အနိမ်ခံနေရတဲ့ ရေစိုစပါးတွေကို ဝက်အစာအဖြစ် ကြိတ်ခွဲ အသုံးပြုနေပါတယ်။”ဝက်စာကြိတ်တာဆိုတော့ အခွံကော ရောထွက်တာ။ ဆန်ကြိတ်လည်း အစိုဆိုတော့ စကွဲထွက်တာနဲ့က မကိုက်ဘူး။ ကုန်ထွက်တဲ့နှုန်းနဲ့က ဝက်စာကမှ ကိုက်သေးတယ်”လို့ပန်းတနော်မြို့နယ်က လယ်သမားက ပြောပါတယ်။
“ရေစိုမဟုတ်တဲ့ စပါးအခြောက်နဲ့ စပါးအဟောင်းအသန့်တွေကိုသာ ဝယ်ယူသူရှိနေပြီးတော့ ရေစိုနေတဲ့ စပါးတွေကိုတော့ ဝယ်ယူသူမရှိသလောက်ဖြစ်နေတာပါ။ စပါးကောင်းရင်တော့ ၁၀ သိန်းပတ် ချာလည် (တင်း ၁၀၀) ပေါက်စျေးရှိတယ်”လို့ ရေကြည်မြို့နယ်ထဲနေထိုင်သူကပြောပါတယ်။
ဟင်္သာတနယ်ထဲမှာတော့ ဆာဖိုးသာ ၊ ဧဒင် လိုမျိုး သက်ငယ်စပါးတွေ စတင်ရိတ်သိမ်းနေပါတယ်။ ဆင်း သုခ ၊ ထိုင်းဘေးကြား (ဧရာမင်း) လိုမျိုးစပါးတွေကတော့ မရိတ်သိမ်းသေးဘူးလို့ ဒေသခံလယ်သမားက ပြောပါတယ်။
“ဖြုတ်ညို (ဖျက်ပိုးတမျိုး) ကျလို့ ပျက်ဆီးဆုံးရှုံးတာတွေလည်းရှိတယ်။ ဒီစပါးဈေးနဲ့က အမြတ်ရဖို့ တွေးတောင်မတွေးရဲဘူး။ အကြောင်းမလှလို့ ရိတ်ချိန်မိုးရွာရင် လယ်သမားတွေ စုပြီး ထိုင်ငိုကြတာပေါ့ ဗျာ”လို့ ဟင်္သာတနယ်ထဲက လယ်သမားကပြောပါတယ်။
ဧရာဝတီတိုင်းထဲကို စိုက်ပျိုးရေးအသိပညာပေးနဲ့ လှည့်လည်သွားလာနေသူတဦးကတော့ ဝါးခယ်မ ၊ မော်ကျွန်း ၊ ဘိုကလေး ၊ ကျောင်းကုန်း ရေနက်ကွင်းထဲမှာ ရွှေခရုက အတော်ဒုက္ခပေးသွားတယ်။ အဆိုး ဆုံးကတော့ ဝါးခယ်မနယ်ထဲက ရေနက်ကွင်းပဲ အခု အိမ်ရှိအလူအကုန် လယ်ထဲဆင်းပြီး ခရုကောက်နေ ရတယ်လို့ ပြောပါတယ်။