အနောက်အုပ်စုရဲ့ ဖိအားတွေမြင့်တက်နေချိန် ရှီနဲ့ အတူ ပူတင် ၊ ကင်မ်တို့ ပထမဆုံး စုဝေးကြမယ့် အစီအစဉ်ဟာ စုပေါင်းအင်အားပြသတာလည်း ဖြစ်ပါတယ်။
၂၈ ၊ ဩဂုတ်လ။
မြို့တော်ဘေဂျင်းမှာ ပြုလုပ်မယ့် အကြီးမားဆုံးစစ်ရေးပြအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့အတူ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း တက်ရောက်မယ်လို့ သိရပါတယ်။
အနောက်အုပ်စုရဲ့ ဖိအားတွေမြင့်တက်နေချိန် ရှီနဲ့ အတူ ပူတင် ၊ ကင်မ်တို့ ပထမဆုံး စုဝေးကြမယ့် အစီအစဉ်ဟာ စုပေါင်းအင်အားပြသတာလည်း ဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားကို ပြည်ပအကြီးအကဲ ၂၆ဦးတက်ရောက်မှာဖြစ်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံ ဆလိုဗက်ကီယား ဝန်ကြီးချုပ်ကလွဲလို့ အနောက်နိုင်ငံက ခေါင်းဆောင်တွေ မပါဘူးလို့ ဒီကနေ့ ဩဂုတ်လ ၂၈ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဂျပန်စစ်တပ်လက်နက်ချအညံ့ခံခြင်းနဲ့ ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း”Victory Day” နှစ် ၈၀ ပြည့်အခမ်းအနားကို စက်တင်ဘာ ၃ရက်နေ့ မြို့တော်ဘေဂျင်းမှာ ပြုလုပ်သွားမှာပါ။
အဲဒီ့နေ့မှာ တရုတ်သမ္မတ ရှီဟာ အကြီးတန်းတရုတ်ခေါင်းဆောင်တွေ နိုင်ငံတကာဧည့်သည်တွေနဲ့အတူ တီယန်နန်မင်ရင်ပြင်မှာ သောင်းချီတဲ့ စစ်သားတွေ ချီတက် စွမ်းရည်ပြတာကို ကြည့်ရှုသွားမှာလို့ ဆိုပါတယ်။
အခုနှစ်အတွင်း တရုတ်ရဲ့ အကြီးဆုံး စစ်ရေးပြအခမ်းအနားတခုဖြစ်လာမယ့် အဆိုပါပွဲမှာ တရုတ်စစ်တပ်ရဲ့ နောက်ဆုံးပေါ် ဖိုက်တာဂျက်လေယာဉ်တွေ ၊ မစ်ဇိုင်းဒုံးကျည် ကာကွယ်ရေးစနစ်တွေနဲ့ အသံထက်မြန်တဲ့ လက်နက်တွေရဲ့ စွမ်းဆောင်ရည်ကို ပြသသွားမှာ ဖြစ်ပါတယ်။
ရုရှားဟာ တရုတ်ရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ပြီး ၂၀၂၂ခုနှစ်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကြောင့် အနောက်နိုင်ငံတွေရဲ့အရေးယူပိတ်ဆို့ခံထားရပါတယ်။ ရုရှားသမ္မတပူတင် တရုတ်ကို နောက်ဆုံးအကြိမ် ခရီးသွားခဲ့တာက ၂၀၂၄ခုနှစ်က ဖြစ်ပါတယ်။
တရုတ်ရဲ့ မဟာမိတ်ဖြစ်တဲ့ မြောက်ကိုရီးယားဟာလည်း နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေကြောင့် ၂၀၀၆ ကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆန်ရှင်ချမှတ်ခံထားရပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလက ကင်မ် တရုတ်ကို သွားခဲ့တာ နောက်ဆုံးအကြိမ် ဖြစ်ပါတယ်။
Ref – Reuters