ဖွဲနု၊စကွဲဈေးတက် လိုသလောက်မရလို့ မွေးမြူရေးသမားတွေ အခက်တွေ့


စပါး တင်းတရာ ကြိတ်ခွဲပါက ၂၄ ပြည်ဝင် ဆန် ၂၃ အိတ် ၊ စကွဲ ၄ အိတ် နဲ့ ဖွဲနု ဖွဲကြမ်း ၃ အိတ် ရရှိတာကြောင့် စပါးကြိတ်ခွဲသူတွေ လျော့ကျလာတဲ့ အ တွက် ဖွဲနု နဲ့ စကွဲ အထွက်နည်းပြီး မွေးမြူရေးလုပ် ငန်း လုပ်ကိုင်သူတွေ မှာ မွေးမြူရေးအစာလိုအပ် ချက် ဖြစ်ပေါ်လာပါတယ်။

၂၈၊ဩဂုတ်လ။

ဧရာဝတီတိုင်းအတွင်းမှာ ဖွဲနု နဲ့ စကွဲ ဈေးတက်ပြီး လိုအပ်သလို ဝယ်ယူ မရတာကြောင့် ငါး၊ ကြက်၊ ဘဲ၊ ဝက် နဲ့ ဆိတ်မွေးမြူရေးလုပ်ငန်းတွေအခက်အ ခဲနဲ့ တွေ့ကြုံနေရပါတယ်။

ဆန်ကြမ်း နဲ့ စပါးအကြမ်းဈေး ကျသွားပြီးနောက် စပါးကြိတ်ခွဲမှု လျှော့သွားကာ ဆန်စက်အချို့ ပိတ် ထားလိုက်ရပါတယ်။အဲဒါကြောင့် မွေးမြူရေးလုပ် ငန်းတွေမှာ အစာအဖြစ် ၈၀ ရာခိုင်နှုန်း အသုံးပြုတဲ့ ဖွဲနုနဲ့ စကွဲ ထွက်နှုန်းကျသွားပြီး ရောင်းဈေးကတက်ပေမယ့် လိုအပ်သလို ဝယ်ယူမရတာကြောင့် အခက်အခဲနဲ့ တွေ့ကြုံနေရတာပါ။

“စပါးဈေး ဆန်ဈေးက ကျတယ် ဒါပေမယ့် ဖွဲနု နဲ့ စကွဲက ဈေးတက်တယ် ဈေးတက်ပေမယ့် လိုသ လောက်ဝယ်လို့မရဘူး ဖြစ်လာတယ် ဒါ့အပြင် အထက်ဘက်မှာ စစ်ဖြစ်နေတာကြောင့် ပဲပုပ်ဖတ် နဲ့ နှမ်းဖတ်ကလည်း ဝယ်မရဘူး ဆိုတော့ နယ်သာလန်၊ ထိုင်းနဲ့ တရုတ်က သွင်းတဲ့ အစာတွေကို ဈေး ကြီးပေးဝယ်သုံးနေရတယ်” လို့ မအူပင်မြို့နယ် အတွင်းက ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတဦးကDNA ကိုပြောပါတယ်။

စပါး တင်းတရာ ကြိတ်ခွဲပါက ၂၄ ပြည်ဝင် ဆန် ၂၃ အိတ် ၊ စကွဲ ၄ အိတ် နဲ့ ဖွဲနု ဖွဲကြမ်း ၃ အိတ် ရရှိတာကြောင့် စပါးကြိတ်ခွဲသူတွေ လျော့ကျလာတဲ့ အတွက် ဖွဲနု နဲ့ စကွဲ အထွက်နည်းပြီး မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေမှာမွေးမြူရေးအစာလိုအပ် ချက် ဖြစ်ပေါ်လာပါတယ်။

ဖွဲနုဈေး နဲ့ စကွဲဈေးက အရင်ဈေးထက် ၂ဆ မြင့် လာသလို ပြည်ပကနေ တင်သွင်းတဲ့ ပဲပုပ်ဖတ် ၊ နှမ်းဖတ်နဲ့ မွေးမြူရေး အစာအိတ်တွေကလည်း စစ်တပ် အာဏာမသိမ်းမှီက တအိတ်ကို ကျပ် ၄ သောင်းဝန်းကျင် ရှိခဲ့ရာက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဈေးမြင့်တက်လာပြီး လက်ရှိပေါက်ဈေး ကျပ် ၁သိန်း ၄ သောင်း ဝန်းကျင် အထိ မြင့်တက်
လာပါတယ်။

မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူတွေဟာ သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာတာ စစ်ကောင်စီက လုပ်ငန်းခွန်တွေ တိုးမြင့်ကောက်တာ၊ အထွေထွေကုန်ဈေးနှုန်းမြင့်တာတွေအပြင်လုပ်ငန်းခွင်အတွင်း က လုပ်သားတွေ စစ်မှုမထမ်းရရေး အတွက် နယ်မြေစိုးမိုးရေးတပ်နဲ့ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ ရံပုံငွေ ခေါင်းစဉ်တပ်ထားတဲ့ ဆက်ကြေးတွေ ပေးကြရတာကြောင့် ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်တက်နေပါတယ်။

“ကုန်ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာတော့ ထုတ်ကုန်တွေရဲ့ရောင်းဈေး၊ ဝယ်ဈေးတွေ မြင့်လာတယ်၊ ကြက်ဥ၊ဘဲဥ၊ အသား၊ငါး အားလုံး ဈေးတက်ကုန်တယ်။ အဲဒီတော့ စားသုံးသူတွေအတွက် အကြပ်အတည်းဖြစ်လာတယ်” လို့ မြောင်းမြမြို့နယ်ရှိ ကြက်ဘဲ မွေးမြူရေးလုပ်ငန်းလုပ်ကိုင် သူတဦး ကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တိုင်းမှာ လယ်ယာ ၊ ကောက်ပဲ၊ သီးနှံစိုက်ပျိုးရေးလုပ်ငန်း ၊ ငါး၊ ပုဇွန် ဖမ်းဆီးတဲ့ ရေလုပ်ငန်း နဲ့ ငါး ၊ ကြက် ၊ ဘဲ ၊ဆိတ် ၊ ဝက် နဲ့ နို့စားနွား မွေးမြူရေးလုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။

မြောင်းမြ၊ မအူပင်၊ ပုသိမ်၊ ကျုံပျော်၊ စတဲ့ ခရိုင် တွေရဲ့ မြို့ နယ်တွေမှာတော့ ငါး၊ ကြက် ၊ဘဲ ၊ဝက် နဲ့ ဆိတ် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ တွေ အများဆုံး ရှိနေပြီး ထုတ်ကုန်တွေကို ဒေသတွင်းသာမက ရန်ကုန်ဈေးကွက် မှတဆင့် ပြည်ပ နဲ့ အနယ်နယ် အရပ်ရပ်ကို တင်ပို့ရောင်းချကြပါတယ်။