“ကိုယ်မဲပေးချင်တဲ့ ပါတီတံဆိပ်ကို နှိပ်ပေါ့။ နှိပ်လိုက်ပြီးရင် ကိုယ်နှိပ်လိုက်ပြီးတော့ မပြီးသေးဘူး စက်ကိုင်တဲ့ဆရာမတယောက်ရှိတယ်။ အဲ့ဒီဆရာမက သူက ဒီမဲပေးတာကို အတည်ပြုလိုက်ပြီဆိုမှ မဲစာရွက်က ထွက်လာမှာ”
၂၇၊ ဩဂုတ်လ။
စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲမှာ အသုံးပြုမယ့် အီလက်ထရောနစ် မဲပေးနည်းနဲ့ပတ်သက်လို့ သရုပ်ပြမှုတွေကို ဧရာဝတီတိုင်းထဲမှာ ဆက်တိုက်ပြုလုပ်နေပြီး ကျေးရွာအုပ်စုတခုကို လူ ၁၀၀ ဦးစီစဉ်ပေးဖို့ ဖိအားပေး ညွှန်ကြားချက်ထုတ်ထားပါတယ်။
“ သူတို့က လူ ၁၀၀ တောင်းတယ်။ အုပ်စုတစ်ခုကိုပေါ့။ တကယ်လာကြတာတော့ ၄၀ ဝန်းကျင်လောက်တော့ရှိမယ်။ ဒီနေ့တော့ ယုံသလင်းဘက်မှာလုပ်တယ် ” လို့ အုပ်ချုပ်ရေးမှူးတဦးက DNA ပြောပါတယ်။
ဒီလိုမျိုး မဲပေးနည်း သရုပ်ပြမှုကို ပြီးခဲ့တဲ့လတွေက မဲပေးစက် အသုံးပြုနည်း သင်တန်းတက်ခဲ့သူတွေက ရှင်းပြပေးကြပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေ၊ ကြံ့ခိုင်ရေးပါတီကလူတွေ ပူးပေါင်း ပြုလုပ်နကြတာ ဖြစ်သလို ရှင်းရှင်းလင်းလင်းဖြစ်အောင် ရှင်းပြတာမျိုးတွေ မရှိဘူးလို့ သိရပါတယ်။
“ ကိုယ်မဲပေးချင်တဲ့ ပါတီတံဆိပ်ကို နှိပ်ပေါ့။ နှိပ်လိုက်ပြီးရင် ကိုယ်နှိပ်လိုက်ပြီးတော့ မပြီးသေးဘူး စက်ကိုင်တဲ့ဆရာမတယောက်ရှိတယ်။ အဲ့ဒီဆရာမက သူက ဒီမဲပေးတာကို အတည်ပြုလိုက်ပြီဆိုမှ မဲစာရွက်က ထွက်လာမှာ။ သေချာတော့ မသိဘူး ဒါကိုနှိပ်နော် ဒါက ဒီလိုဖြစ်သွားပြီ တွေ့လားပေါ့ အဲ့လောက်ပဲ ” လို့ သရုပ်ပြပွဲသွားခဲ့တဲ့ မြောင်းမြမြို့က ဒေသခံတဦးက ပြောပါတယ်။
မဲစာရွက်ကို အတည်ပြုဖို့အတွက် မဖြစ်မနေ အခြားတဦးက အတည်ပြုပေးဖို့လိုတာလားလို့ သရုပ်ပြပွဲသွားခဲ့သူတွေကို DNA က မေးမြန်းခဲ့ပေမယ့် သူတို့လည်း သေသေချာချာ မသိဘူးလို့ ဖြေကြားခဲ့ကြပါတယ်။
မဲပေးနည်း သရုပ်ပြပွဲမှာ ပါဝင်တဲ့ Non-CDM ဆရာမ တဦးကတော့ “ တချို့ဟာတွေက ကျွန်မတို့လည်း သေချာမသိဘူး။ သင်တန်းမှာတုန်းကလည်း စက်ကိုင်နည်းပဲသင်ရတာဆိုတော့ တချို့မူဝါဒတွေကို မသိရသေးဘူး။ ဒီမဲပေးစက်က သေချာသင်တန်းရထားသူတွေတောင်ရှုပ်တာ ဒီတိုင်းလူတွေဆို ပိုဆိုးမှာပေါ့။ တယောက်လာ ဒီလိုနှိပ် ဟောတွေ့လား စာရွက်ထွက်လာပြီ (ရယ်လျှက်)။ သူတို့ကတော့ ကိုယ်မဲပေးချင်တဲ့ ပါတီတံဆိပ် ဘေးက ခလုတ်လေးနှိပ်လိုက်ရုံပဲလို့ ပြောပေမယ့် အဲ့ဒါကိုက မလွယ်တာဆိုတာကိုတော့ သူတို့မသိတာလား ဘာလားပဲ ” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲစတင်ကျင်းပမှာဖြစ်ပြီး အပိုင်းလိုက် ကျင်းပသွားမယ့် ဒီရွေးကောက်ပွဲရဲ့ ပထမဆုံးအပိုင်းမှာ ဧရာဝတီတိုင်းက မြို့နယ် ၈ မြို့နယ်မှာကျင်းပဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီရွေးကောက်ပွဲဟာ ယခင်ကလို နိုင်သူအကုန်ယူဆိုတဲ့ ရိုးရှင်းတဲ့ စနစ်တခုတည်း မဟုတ်ပဲ နိုင်သူအကုန်ယူစနစ်နဲ့ အချိုးကျခွဲဝေရေးစနစ်တွေကို ပေါင်းထားပြီး မဲပေးသူတွေကတော့ ဒီနှစ်ခုအတွက် ခွဲပြီး မဲပေးဖို့ မလိုဘူးလို့ သိရပါတယ်။