ChatGPT ကြောင့် လူငယ်တဦး မိမိကိုယ်ကိုယ်သတ်သေမှု OpenAI တရားစွဲခံရ

ChatGPT ဟာ ရိန်းကို ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေပြီး သေစေလောက်တဲ့ နည်းလမ်းတွေကို အသေးစိတ်ပြောပြပေးခဲ့တဲ့အပြင် မိဘတွေရဲ့ အဖျော်ယာမကာဗီဒီုထဲက အရက်ကို ဘယ်လိုဖွက်ရမယ်ဆိုတာနဲ့ မိမိကိုယ်ကိုယ်သေကြောင်းကြံမှု မအောင်မြင်ခဲ့ရင်လည်း သက်သေအထောက်အထားတွေကို ဖုံးကွယ်ဖို့ ညွှန်ပေးခဲ့တယ်လို့ စွပ်စွဲချက်မှာ ဖော်ပြထားပါတယ်။

၂၇ ၊ ဩဂုတ်လ။

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ နည်းလမ်းတွေအကြောင်းကို ChatGPT နဲ့ ဆွေးနွေးပြီးနောက် ဆယ်ကျော်သက်တဦး မိမိကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။

မနေ့က ဩဂုတ်လ ၂၆ရက်နေ့မှာတော့ အဆိုပါလူငယ်ရဲ့ မိဘတွေက OpenAI ကုမ္ပဏီနဲ့ အမှုဆောင်အရာရှိချုပ် ဆမ် အယ်လ်မန်ကို တရားဆွဲလိုက်ပြီး ဉာဏ်ရည်တု AI GPT-4o ဗားရှင်းသစ်ကို ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့စဉ်က OpenAI  ကုမ္ပဏီဟာ ဘေးကင်းလုံခြုံရေးထက် အမြတ်အစွန်းကို အလေးပေးခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၁၆နှစ်အရွယ် အမျိုးသားတဦးဖြစ်တဲ့ အဒမ် ရိန်းဟာ မိမိကိုယ်ကိုယ်သတ်သေမှုတွေကို ChatGPT မှာ လနဲ့ချီဆွေးနွေးပြီးနောက် ဧပြီလ ၁၁ရက်နေ့က  သေကြောင်းကြံပြီး သေဆုံးခဲ့တာလို့ ဆန်ဖရန်စ္စကိုပြည်နယ် တရားရုံးကို ‌မိဘတွေက လျောက်တင်လာခဲ့ပါတယ်။

ChatGPT ဟာ ရိန်းကို ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေပြီး သေစေလောက်တဲ့ နည်းလမ်းတွေကို အသေးစိတ်ပြောပြပေးခဲ့တဲ့အပြင် မိဘတွေရဲ့ အဖျော်ယာမကာဗီဒီုထဲက အရက်ကို ဘယ်လိုဖွက်ရမယ်ဆိုတာနဲ့ မိမိကိုယ်ကိုယ်သေကြောင်းကြံမှု မအောင်မြင်ခဲ့ရင်လည်း သက်သေအထောက်အထားတွေကို ဖုံးကွယ်ဖို့ ညွှန်ပေးခဲ့တယ်လို့ စွပ်စွဲချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ChatGPT ဟာ သေတမ်းစာတစောင်ကိုလည်း အကြမ်းရေးပေးခဲ့တယ်လို့ ရိန်းရဲ့ မိဘတွေဖြစ်တဲ့ မက်သရူးနဲ့ မာရီယာ ရိန်းက ပြောပါတယ္။

လက်ရှိမှာတော့ OpenAI ကုမ္ပဏီကို မှားယွင်းသေဆုံးမှု ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ပတ်သတ်ပြီး တာဝန်ရှိကြောင်း လျောက်တင်ဖို့ ကြိုးစားနေကြပါတယ်။

OpenAI ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ရိန်းရဲ့ သေဆုံးမှုအတွက် ကုမ္ပဏီအနေနဲ့ ဝမ်းနည်းကြောင်းနဲ့ ChatGPT မှာ သုံးစွဲသူတွေ အကြပ်အတည်း ကြုံလာရင် ကူညီပေးဖို့ လုံခြုံရေးစနစ် ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ စွပ်စွဲချက်တွေနဲ့ ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းသွားမယ်ဆိုတာကိုတော့ အသေးစိတ် မပြောခဲ့ပါဘူး။

AI နည်းပညာတွေ အပြိုင်အဆိုင် မြင့်တက်လာနေချိန် OpenAI ကုမ္ပဏီဟာ ၂၀၂၄ခုနှစ် မေလမှာ GPT-4o ဗားရှင်းသစ်ကို မိတ်ဆက်ခဲ့ပါတယ်။

အပြန်အလှန်ဆွေးနွေးထားတဲ့ မှတ်တမ်းအဟောင်းတွေကို မှတ်မိနိုင်တာ ၊ လူသားတွေရဲ့ ကိုယ်ချင်းစာမှုကို အတုယူနိုင်တဲ့ စွမ်းရည်တွေကြောင့် လူသိများတဲ့ OpenAI ဟာ ထိခိုက်လွယ်တဲ့ သုံးစွဲသူတွေရဲ့ ဘေးကင်းလုံခြုံရေးကို မကြည့်ဘဲ အဆိုပါနည်းပညာသစ်ကို ထုတ်လုပ်ခဲ့တယ်လို့ ရိန်းရဲ့ မိဘတွေက ဆိုပါတယ်။

“ဒီဆုံးဖြတ်ချက်က ရလဒ်နှစ်ခုရှိပါတယ်။ တခုက OpenAI ကုမ္ပဏီရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံကနေ ဘီလီယံ ၃၀၀ အထိ တက်သွားတာ ၊ နောက်တခုကတော့ အဒမ် ရိန်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

တရားရုံးကို တင်ပြချက်တွေထဲမှာ ChatGPT အသုံးပြုသူတွေကို အသက်အရွယ် သတ်မှတ်ပေးဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ထိခိုင်စေတဲ့ နည်းလမ်းတွေကို တားမြစ်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ အမှီအခိုပြုမှု အန္တရာယ်တွေနဲ့ ပတ်သတ်ပြီး သုံးစွဲသူတွေကို သတိပေးဖို့ စတဲ့အချက်တွေကို OpenAI ကုမ္ပဏီကို တောင်းဆိုသွားဖို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

Source: Reuters