ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ထားတဲ့ ဒေသမှာ သီတာကုန်းပြင် အုပ်ချုပ်ရေးမှူး အခွင့်ထူးရနေ

ဆန်ဆိုရင်လည်း သူ့ဆီမှာ ၆ ပြည်ဝယ်လို့ရတယ်။ ကိုယ်တိုင် မြို့တက်ဝယ်တော့ ဂိတ်တွေက ရစ်တယ်။ ရွာမှာ ဝယ်မယ်ဆိုရင်လည်း အုတ်ကြီးဆိုင်မှာပဲ အစုံရတယ်

၂၆၊ဩဂုတ်လ။

ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ ဒေသခံတွေကို  စစ်တပ်က စားသောက်ကုန် သယ်ယူခွင့် တင်းကျပ်စွာ ကန့်သက်ထားပေမယ့်  သီတာကုန်းပြင် ကျေးရွာအုပ်ချုပ်ရေးမှူးကတော့ ကုန်စည်တွေကို စိတ်ကြိုက်သယ်ဆောင်ခွင့် ရနေပါတယ်။

သီတာကုန်းပြင်အုပ်ချုပ်ရေးမှူး အောင်မျိုးကျော်ဟာ ငသိုင်းချောင်းမြို့က ကုန်စည်တွေကို လမ်းတလျောက် ဂိတ်ကြေးပေးပြီးတော့ နေ့စဉ် အိမ်စီးကားအသေးလေးနဲ့ နှစ်ခေါက်အထိ သယ်ဆောင်ပြီး ရောင်းချနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဈေးက အရမ်းကွာနေလို့မဟုတ်ဘူး။ အခြားလူတွေက အကန့်အသက်နဲ့ ဖြစ်နေတဲ့အချိန် သူက (အောင်မျိုးကျော်) အခွင့် ထူးခံဖြစ်နေတာ။ ဆန်ဆိုရင်လည်း သူ့ဆီမှာ ၆ ပြည်ဝယ်လို့ရတယ်။ ကိုယ်တိုင် မြို့တက်ဝယ်တော့ ဂိတ်တွေက ရစ်တယ်။ ရွာမှာ ဝယ်မယ်ဆိုရင်လည်း အုတ်ကြီးဆိုင်မှာပဲ အစုံရတယ်” လို့ ဒေသခံကပြောပါတယ်။

သီတာကုန်းပြင်ကျေးရွာမှာ ကုန်စုံဆိုင်အသေးလေးတွေရှိပေမယ့် ဆန် ၁ ပြည်နဲ့ ဆီ ၂၅ ကျပ်သားပဲ ရောင်းချခွင့်ရှိပါတယ်။ အုပ်ချုပ်ရေးမှူး အောင်မျိုးကျော်က ကုန်စုံဆိုင်ဖွင့်ထားတယ်ဆိုပေမယ့်လည်း အပြင်က ကြည့်တဲ့အခါ ကုန်စည်တွေကို ခင်းကျင်းထားတာမရှိပါဘူး။ ဝယ်ယူသူရှိမှသာ ကုန်စည်တွေ ကို အိမ်ထဲကနေ လက်သိပ်ထိုးထုတ်ပေးတာလို့ ဒေသခံကပြောပါတယ်။

စစ်တပ်ဟာ ရေနံသာဂိတ် အနောက်ဘက်က အရပ်သားပြည်သူတွေကို ဆန် ၃ ပြည်နဲ့ ဆီ ၅၀ သား သယ် ယူခွင့်ပြုပါတယ်။ “အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ သယ်လို့ရတာ။ ဂွ – ငသိုင်းချောင်းလမ်းပိုင်းရဲ့ တောင်ဘက်က ရွာတွေဆိုရင်တော့ ဆန် ၆ ပြည်သယ်လို့ရတယ်” လို့ဒေသခံကပြောပါတယ်။

သီတာကုန်းပြင်ကျေးရွာဆိုတာက ရေနံသာစစ်ဆေးရေးဂိတ်နဲ့ အမြောက်တပ် ၃၄၄ အကြားက တိုက် နယ်အဆင့်ရှိတဲ့ ကျေးရွာကြီးတခုပါ။ အိမ်ခြေ ထောင်ဂဏန်းခန့်ရှိတဲ့ ဒီကျေးရွာကိုရောက်ရှိဖို့အတွက် ငသိုင်းချောင်းမြို့ကဆိုရင် စစ်ဆေးရေးဂိတ်ပေါင်း ၅ ခုကို ဖြတ်သန်းရပါတယ်။

“အဆိုးဝါးဆုံးက ရေနံသာဂိတ်ပဲ ။ ရေနံသာက ၃ ဂိတ်ရှိတယ်။ အသီးအရွက်သယ်ရင် စားချင်တာရှိရင် ယူထားတယ်။ အခြားကုန်ဆိုရင်လည်း ဘော်ဒါကြေးပေးရတယ်။ ပေးတာနည်းရင်လည်း အပြောအဆိုခံ ရသေးတယ်” လို့ ဒေသခံကပြောပါတယ်။