၂၄၊ဩဂုတ်လ။
(၁)
တနေ့သ၌ကျွန်ုပ်အာဖျံကွီးသည် မြန်မာဘောလုံး ပရိတ်သတ်တို့၏အသဲကျော် မေထက်လူလေး၏ တစ်တော့ကိုကြည့်နေသည့်အခိုက် ဖုန်းအတွင်းသို့ ကြေးနန်းတစောင်ဝင်လာ၏။ကျွန်ုပ်သည်ဖုန်းတွင်းသို့ တနေ့ကြေးနန်းပေါင်းများစွာဝင်လာသော်လည်း ဖွင့်ကြည့်တတ်သူမဟုတ်။ ကြော်ငြာကြေးနန်း၊ကျားဖြန့်ကြေးနန်း၊ငွေလိမ်ကြေးနန်းများကြောင့်ကျွန်ုပ်၏ တန်ဖိုးရှိသောအချိန်များကိုမဖြုန်းတီးနိုင်။
ယခုမူကျွန်ုပ်၏တခါတုန်းကတပည့်ကျော် မြိုင်
ရာဇာဂွတို၏ကြေးနန်းဖြစ်နေသဖြင့် မဖြစ်မနေ
ဖွင့်ဖတ်လိုက်ရတော့သည်။
“ဆရာဖျံ ဆရာ့ကို တပည့်ကျော် ကျေးဇူးဆပ်လိုပါ၍ ရွာသို့အမြန်ဆုံး ကြွခဲ့ပါ ပုံ-မြိုင်ရာဇာဂွတို” ဟူသတည်း။
(၂ )
မြိုင်ရာဇာဂွတို၏ရွာသို့မသွားမီ အနှီဂွတိုအကြောင်းကို အဆွေစာဖတ်များအား မိတ်ဆက်ပေးပါရစေ။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကျွန်ုပ်အာဖျံကွီး
သည် ဗမာ့တိုင်းရင်းဆေးပညာကို လေ့လာလိုက်
စားခဲ့သူဖြစ်၏။ ဆေးများဖော်စပ်ရန် သစ်ဥသစ်
ဖုများကိုရှာဖွေရန်အတွက် ဧရာဝတီတိုင်းရှိ ငဝန်
မြစ်ကိုကျော်ကာ ရခိုင်ရိုးမအစပ်ရှိ တောကြိုတောင်ကြားသို့ ခရီးနှင်ခဲ့၏။ ဤတွင်လမ်းပြအဖြစ် ဆောင်ရွက်ပေးသည့် ဒေသခံမုဆိုးကျော်မြိုင်ရာဇာဂွတိုနှင့်ဆုံဆည်းခဲ့ခြင်းဖြစ်၏။ ကျွန်ုပ်တောလည် ထွက်စဉ်ကာလများက အနှီဂွတိုနှင့်သူ့ဇနီးမဒယ်ဂွတိုတို့အား ကျွန်ုပ်မှာအဿပြာငွေကြေးများပေး၍ စောင့်ရှောက်ထားခဲ့ရာ ယခုမူကျွန်ုပ်အားကျေးဇူးတုံ့ပြန်လို၍ ၎င်းတို့၏ရွာသို့ဖိတ်ခေါ်ခြင်းဖြစ်နိုင်ပေ၏။
ကျွန်ုပ်သည် အခြားသူများအား အကူအညီပေး
ရာတွင် အကျိုးလို၍ ညောင်ရေလောင်းခြင်းမျိုး
မဟုတ်ဘဲ ပေးအပ်တတ်သူဖြစ်၏။ယခုလည်း
တပည့်ကျော်ဂွတိုထံမှ တုန့်ပြန်မှုကိုမရယူလိုသော် လည်း ကျေးလက်ဒေသများသို့ ခရီးမထွက်ရသည် မှာကြာပြီဖြစ်သည်ကတကြောင်း၊ဂွတိုတို့ဇနီးမောင် နှံဘဇာတွေများလုပ်ကိုင်စားသောက်နေသည်ကိုအကဲခပ်လိုသည့်ကတကြောင်းတို့ကြောင့် ၎င်း၏ ဖိတ်ကြားမှုကိုလက်ခံလိုက်မိ၏။
(၃ )
ခြေခင်းလက်ခင်းသာသည့်နေ့တနေ့တွင် ကျွန်ုပ်
သည် ကားတတန်၊ရထားတတန်၊မော်တော်တတန် ဖြင့်ဂွတို၏ ရွာသို့ခရီးနှင်ခဲ့၏။ငဝန်မြစ်ကမ်းနံဘေးရှိမော်တော်ဆိပ်တွင် ဂွတိုမှာ ကျွန်ုပ်အားမော်တော် ကားအသစ်တစီးဖြင့်လာကြို၏။
ဂွတိုကိုယ်တိုင်မောင်းသောကားကို မိန့်မိန့်ကြီးစီးပြီး နောက်မိနစ်အနည်းငယ်အကြာတွင် ဂွတို၏အိမ်ဂေ ဟာသို့ရောက်၏။ မဒမ်ဂွတိုက ကျွန်ုပ်၏ ခရီးဆောင်အိတ်ကို လာယူပြီးကြိုဆို၏။
ဂွတို၏ အိမ်ဂေဟာရောက်စဉ်လူတချို့သည်ဂွတိုကို စောင့်စားနေဟန်တွေ့ရသဖြင့် ကျွန်ုပ်က မဒမ်ဂွတိုအား မေးကြည့်ရာ “ထောက်ခံစာလုပ်ဖို့အုပ်ကြီး ကိုစောင့်နေတာဆရာရဲ့”ဟုဆိုလေရာ ကျွန်ုပ်ဂွတိုအားလှမ်းကြည့်လိုက်စဉ် ဂွတိုမှာကုလားထိုင်တွင် မိန့်မိန့်ကြီးထိုင်၍ လက်မှတ်များထိုးတော်မူနေလေ၏။
ကျွန်ုပ်သဘောပေါက်သွားချေပြီ။ဂွတိုမှာကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်ပြီး အိမ်အသစ်၊ကားအသစ်၊ ရွှေငွေလက်ဝတ်ရတနာအသစ်တို့နှင့် ဖြစ်ချင်တိုင်း ဖြစ်နေရပြီတကား။
ဧည့်သည်များပြန်သွားသဖြင့် ဂွတိုအား “နေပါဦး ဂွတိုရဲ့ စာမတတ်ပေမတတ်နင့်ကို ဘယ်သူကအုပ်ချုပ်ရေးမှူးခန့်ရတာလဲ”ဟုမေးကြည့်ရာ”ဆရာဖျံကလည်းစာတတ်စရာမလိုပါဘူးဆရာရဲ့သေနတ် ပစ်တတ်ဖို့ဘဲလိုတာ ဒီရွာမှာဟိုးနှစ်ပေါင်းများစွာထဲက တောလိုက်ပြီးသေနတ်ပစ်တတ်တာဆိုလို့ကျုပ် ပဲရှိတာ ခုလိုမအေးချမ်းတဲ့ခေတ်ကြီးမှာ ဒီရွာကျုပ် မအုပ်ချုပ်လို့ဘယ်သူအုပ်ချုပ်မလဲဆရာဖျံရဲ့ ဟဲဟဲ”ဟုဆိုသဖြင့် ကျွန်ုပ်မှာ ခေါင်းကုတ်၍သာ နေလိုက်ရတော့၏။
ညနေစောင်းသောအခါ ကျွန်ုပ်အား မဒယ်ဂွတို၏ လက်ရာ ညစာထမင်းဝိုင်းကြီးဖြင့် ဧည့်ခံလေ၏။ ဂွတိုကလည်း ကျွန်ုပ်၏ပန်းကန်ထဲသို့ ဟင်းများမပြတ်လပ်ရန်ထည့်ပေးနေသကဲ့သို့ မဒမ်ဂွတိုက လည်း ကျွန်ုပ်နောက်မှ ယပ်တောင်တဖျတ်ဖျတ်ခပ်ပေးနေ၏။
“စားဆရာ တောဝက်သားလေးကောင်းတယ်ဆရာရဲ့ ရွာထဲကကောင်တွေလေ ဝက်ခိုးပေါ်လို့ ကျုပ် သွားဖမ်းတာ တပိဿာတတွဲပေးလိုက်တာနဲ့ဆရာ လာတာအတော်ပဲဆိုပြီးချက်လိုက်တာ”
“ဒါက မြစ်ငါးသလောက်ပေါင်းဆရာ ငါးဖမ်းတဲ့ကောင်တွေပေါ့ဆရာ ဒီရာသီငါးရစ်တက်ချိန်မဖမ်း ပါနဲ့ဆိုတာ ခိုးဖမ်းနေတုန်း ကျုပ်နဲ့မိသွားတာ တကောင်ပေးလိုက်တယ် ချိုနေတာပဲဆရာ စားသာ စား”
ကျွန်ုပ်မှာထမင်းစားနေတုန်း ဂွတို၏စကားများကို ကြားရကာ ထမင်းနင်သလိုလို ဖြစ်လာသဖြင့်
ရေတခွက်သောက်လိုက်ရ၏။
ထမင်းစားပြီးသော် ကျွန်ုပ်၏ကျေးဇူးများကို ဘယ် တုန်းကတည်းက ဆပ်ချင်နေမှန်းမသိသော မဒမ်ဂွ တိုက အချိုပွဲများနှင့်ဧည့်ခံပြန်၏။
“စားဆရာ ပဲဆီနဲ့သုတ်ထားတဲ့ လက်ဘက်သုတ် ဆီစစ်တာမပြောနဲ့ ကုလားမကုန်စုံဆိုင်ကလက်ဆောင် ပေးလိုက်တာ အဲဒီကောင်မကိုလည်း ဆီဈေးတွေသတ်မှတ်ဈေးနဲ့မရောင်းလို့ သတိပေးနေရတာဆရာရေ”
“ဒီငှက်ပျောသီးဖီးချမ်းကဩဂဲနစ်နော် မြို့က ဆေးစိမ် တွေလိုမဟုတ်ဘူး စားအားရှိတယ် ရွာတောင်ပိုင်း က မုဆိုးမမြမေရဲ့ခြံကထွက်တာ မနေ့က မြမေတို့အိမ်ရှေ့ဖြတ်သွားရင်း ကျုပ်သတိရသွားတာနဲ့” မြမေရေ နင့်သားလေးတောင်အသက်၁၈နှစ်ပြည့်ပြီနော်”လို့လှမ်းပြောခဲ့တာဒီမနက် ငှက်ပျောတခိုင်လာပို့သွားတော့တာပဲ”
ကျွန်ုပ်မှာ အုပ်ကြီးဂွတို၏စကားများကိုကြားရပြီး သကာလ အချိုတည်းရမည်လားအခါးတည်းရမည်လား ဝေခွဲမရဖြစ်နေချေ၏။သို့နှင့် ကျွန်ုပ်လည်း အိမ်ရှေ့တွင်ရပ်ထားသောကားကြီးအား “ဒါကကောဘယ်သူပေးထားတုန်း”ဟု ခပ်ငေါ့ငေါ့မေးကြည့်ရာ “ဖမ်းထားတာဆရာရဲ့ ရွာတောင်ပိုင်းဆန်စက်သူဌေးလေ လိုင်စင်မဲ့ကားစီးလို့ ဥပဒေနဲ့မညီဘူးဆိုပြီးသွားသိမ်းထားတာ”ဟုဆိုပြန်လေ၏။
ကျွန်ုပ်လည်း ဂွတိုကိုကြည့်ကာ ကျွန်ုပ်တပည့်
ကျော်ဖြစ်ခဲ့ဘူးသော မြိုင်ရာဇာဂွတိုနှင့်လားလား
မျှမတူတော့သဖြင့်”မောင်ရင် ဒီပညာတွေကိုဘဇာကတတ်လာသနည်း”ဟုမေးလေရာ”မုဆိုးစိုင်သင်ပေါ့ဆရာရယ်”ဟုတဟဲဟဲနှင့်ဖြေလေ၏။
ထိုစဉ်ဂွတို၏ဖုန်းသံမြည်လာပြီး တဖက်သူနှင့်ဖုန်း ပြောနေရာ ဂွတို၏တဟဲဟဲနှင့်သူ့ဘဝကိုအကျေနပ် ကြီးကျေနပ်နေသောမျက်နှာမှာ အိုစာသွားရှာ၏ ။ဖုန်းပြောပြီးသည့်နောက် “ဘဇာတုန်း”ဟုကျွန်ုပ်ကမေးလိုက်ရာ
“ရွာထဲကသူခိုးငပိန်ပေါ့ဆရာ ဒီကောင်အရက်ဖိုးမရှိရင်သူများ ပစ္စည်းတွေလိုက်ခိုးလို့ စစ်မှုထမ်းထည့် လိုက်တာ သွားတုန်းကအကောင်းသား ဖုန်းလိုချင် တယ်ဆိုလို့အဟောင်းလေးဝယ်ပေးလိုက်သေး တယ် စစ်သင်တန်းမှာ သူများတွေနဲ့တွေ့တော့မှ သိန်း၁၀၀ရတယ် သိန်း၅၀ရတယ် ကြားပြီး ခုကျုပ် ပိုက်ဆံတောင်းနေပြီ မပေးရင်တပ်ရင်းမှူးတိုင်ပြီး ကျုပ်ကိုဖမ်းမယ်တဲ့ တောက်သူခိုးကလူဟစ်လို့ကွာ”ဟူ၏။
“ဒါနဲ့ မောင်ရင် လစဉ်တောင်းနေတဲ့စစ်မှူထမ်းကင်း လွတ်ကြေးတွေက ဘယ်ရောက်သွားလို့တုန်း”
“မရှိတော့ဘူးဆရာ ဂွတိုမက ဆွဲကြိုးတွေ လက်
ကောက်တွေလုပ်လိုက်ပြီ”
ထိုညသ၌ ကျွန်ုပ်မှာဂွတို၏ အကြောင်းကိုတွေးရင်း ဂွတို၏ “သူခိုးကလူဟစ်လို့ကွာ’ ဟူသည့်စကားသံကိုသာ အကြိမ်ကြိမ်ကြားယောင်နေမိတော့လေ သတည်း။