တပတ်အတွင်းသတင်းအနှစ်ချုပ်

၂၃၊ဩဂုတ်လ။

လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင်ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။

▪️ ဒီဇင်ဘာမှာစပြုလုပ်မယ့် အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲ
▪️အာဆီယံကိုယ်စားလှယ်အဖွဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာဆွေးနွေးမယ်
▪️ မဟာမိတ်သုံးဖွဲ့ကို လက်နက်ခဲယမ်း၊ ငွေကြေးမထောက်ပံ့တော့လို့ ဝ’ တပ်ဖွဲ့ပြော
▪️ မြို့၆မြို့ကို ပို့ဆောင်မယ့် ကန့်သတ်ပစ္စည်းတွေပါဝင်တဲ့ ပါဆယ်တွေ လက်မခံဖို့ အသိပေး
▪️ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့အသိပေး
▪️ လူသေဆုံးမှုအများဆုံး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့နိုင်ငံတွေမှာ မြန်မာအဆင့်၄နေရာရပ်တည်
▪️ ချန်ပီယံအိပ်မက်ဝေးကွာခဲ့ရတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း

▪️ဒီဇင်ဘာမှာစပြုလုပ်မယ့်အာဏာသိမ်းစစ်တပ်ရဲ့ရွေးကောက်ပွဲ

လာမယ့် ဒီဇင်ဘာလ၊ ၂၈ ရက်မှာ အထွေထွေရွေး ကောက်ပွဲ စတင်ပြုလုပ်မယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းလိုက်ပြုလုပ်သွားမှာဖြစ်ပြီး ဆက်လက်ပြု
လုပ်မယ့်နေ့ရက်တွေကို ထုတ်ပြန်ပေးသွားမယ် လို့လည်းဆိုပါတယ်။

ရွေးကောက်ပွဲမှာစစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ကိုး ပါတီ တနိုင်ငံလုံးအတိုင်းအ တာ ဝင်ပြိုင်မှာဖြစ်ပြီး စုစုပေါင်း ပါတီ ၅၀လောက် ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်တပ်ကပြုလုပ်မယ့် လာမယ့်
ရွေးကောက်ပွဲမှာ အဓိက နိုင်ငံရေးပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)စတဲ့ပါတီတွေဝင်ရောက်ယှဥ်ပြိုင်မှာမဟုတ်ပါဘူး။

▪️ အာဆီယံကိုယ်စားလှယ်အဖွဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ ဆွေးနွေးမယ်

အာဆီယံရဲ့ အဖွဲ့ဝင် ၄ ဦးပါတဲ့ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်လာရောက်ပြီး အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့ကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဦးဆောင်ပြီးအင်ဒိုနီးရှား၊ လာအိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင် မှာဖြစ်ကာ စက်တင်ဘာ ၁၉ ရက်နေပြည်တော်ကို သွားရောက်မှာလို့ Thai PBS World သတင်းဌာနကရေးသားထားပါတယ်။

မြန်မာစစ်တပ်ခေါင်းဆောင်တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲ၊အာဆီယံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့လည်း သံတမန်သတင်းရင်းမြစ် တွေကို ကိုးကားပြီးဖော်ပြထားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကရွေးကောက်ပွဲကိုလာမယ့် ဒီဇင်ဘာ ၂၈ ရက်ကစလို့ အပိုင်းလိုက်ပြုလုပ်သွားမယ်လို့ ကြေညာထားတာပါ။

▪️ မဟာမိတ်သုံးဖွဲ့ကို လက်နက်ခဲယမ်း၊ ငွေကြေးမထောက်ပံ့တော့လို့ ဝ’ တပ်ဖွဲ့ပြော

တရုတ်နယ်စပ်အခြေစိုက်အင်အားကြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီ
ညွတ်ရေးပါတီ(UWSP/UWSA)က သူ့ရဲ့မဟာမိတ်ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ၊ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအာင်းတပ်ဖွဲ့(TNLA) တို့ကို လက်နက်နဲ့ ငွေကြေး ထောက်ပံ့တော့မှာ မဟုတ်ဘူးလို့ကြေငြာခဲ့ပါတယ်။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဦးဆောင်လို့သိကြတဲ့ ဝအဖွဲ့ရဲ့ ဌာနချုပ် ပန်ဆန်းကို အာဏာသိမ်းစစ်တပ်ရဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ရောက်ရှိလာပြီး မကြာမီမှာပဲ ထုတ်ပြန်ကြေညာခဲ့တာပါ။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA)ကို အင်အားအကြီးဆုံးတိုင်းရင်း သားလက်နက်အဖွဲ့အဖြစ် သတ်မှတ်ထားသလို ခေတ်အဆက်ဆက် ပြည်မသြဇာနဲ့ကင်းလွတ်ကာ သီးခြားရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မဟာမိတ်အဖွဲ့တွေကို ထောက်ပံ့မပေးတော့ဘူးလို့ အခုလိုကြေညာခဲ့တာဟာ တရုတ်နိုင်ငံရဲ့ဖိအားကြောင့်ဖြစ်တယ်လို့လည်း သုံးသပ်မှုတွေရှိနေတာဖြစ်ပါတယ်။

▪️ ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့အသိပေး

ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ထားတဲ့ ပုံစံ ၁၅ကို ဖြည့်ပြီး သြဂုတ် ၂၁ ရက်မှ စက်တင် ဘာ ၉ ရက်အတွင်း ပေးပို့နိုင်တယ်လို့ မြန်မာသံရုံးတွေကထုတ်ပြန်ခဲ့ပါတယ်။

ပုံစံ ၁၅ ဖောင်ဖြည့်မှာကိုယ်ရေး အချက်အလက် ၉ မျိုးကိုဖြည့်စွတ်ရမှာဖြစ်ပြီးသက်တမ်းရှိ မြန်မာနိုင် ငံကူးလက်မှတ်မိတ္တူကိုပူးတွဲပေးပို့ရမယ်လို့လည်းဖော်ပြထားတာပါ။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာလ ၂၈ရက်မှာစတင်ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲမှာစစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ကိုး ပါတီ တနိုင်ငံလုံးအတိုင်းအ တာ ဝင်ပြိုင်မှာဖြစ်ပြီး စုစုပေါင်း ပါတီ ၅၀လောက် ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားတာပါ။

▪️ လူသေဆုံးမှုအများဆုံးလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့နိုင်ငံတွေမှာမြန်မာအဆင့်၄နေရာရပ်တည်

ကမ္ဘာ့တဝန်းလူသေမှုအများဆုံး ပဋိပက္ခဖြစ်ပွားတဲ့နိုင်ငံတွေအနက်မြန်မာက အဆင့် ၄ နေရာမှာ ရှိနေတယ်လို့ လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာတွေကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ The Armed Conflict Location & Event Data Project (ACLED)ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့တနှစ်တာကာလအတွင်း လူပေါင်း ၁၅,၄၂၀ ဦး သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့်လူသေဆုံးမှုအများဆုံးနိုင်ငံတွေမှာ ယူကရိန်း၊ပါလက်စတိုင်းနဲ့ဆူဒန်နိုင်ငံတွေရဲ့နောက် အဆင့်၄နေရာမှာ မြန်မာနိုင်ငံရှိနေတာဖြစ်ပါတယ်။

▪️ မြို့၆မြို့ကို ပို့ဆောင်မယ့် ကန့်သတ်ပစ္စည်းတွေပါဝင်တဲ့ ပါဆယ်တွေလက်မခံဖို့အသိပေး

မန္တလေးနဲ့စစ်ကိုင်းတိုင်းကမြို့ ၆ မြို့ကို တင်ပို့မယ့် တားမြစ် ကန့်သတ်ပစ္စည်းတွေပါဝင်တဲ့ ပါဆယ်တွေကို လက်မခံကြဖို့ Royal Express ဝန်ဆောင်မှုလုပ်ငန်းကအသိပေးထုတ်ပြန်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသန္တရဆိုင်ရာ အခက် အခဲတွေကြောင့် စစ်ကိုင်းတိုင်းမုံရွာ၊ ရွှေဘိုနဲ့ မန္တလေးတိုင်းဆိပ်ဖြူ၊ မြို့သစ်၊ ပခုက္ကူ၊ ရေစကြိုမြို့တွေကို ဝန်ဆောင်မူပေးဖို့ကန့်သတ်လိုက်တာဖြစ်ပြီးသြဂုတ် ၂၁ ရက် ရက်စွဲနဲ့ ရုံးခွဲတွေကို အသိ ပေးခဲ့တာဖြစ်ပါတယ်။

ကန့်သတ်တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေမှာတော့ကွန်ပျူတာ၊စမတ်ဖုန်း၊ဆက်သွယ်ရေးနဲ့လျှပ်စစ်ဆက်စပ်ပစ္စည်း၊ Wifi စက်၊ ဘက်ထရီခြောက်၊ FDA ထောက်ခံချက်မပါတဲ့ ဆေးဝါး၊ ဓာတ်မီး၊ ချွန်ထက်တဲ့ပစ္စည်း၊ လက်သမားသုံး ပစ္စည်း၊လျှပ်စစ်မီးအစားထိုးပစ္စည်း စတာတွေ ပါဝင်တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းဒေသတွေမှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေမှာလည်း တင်းကြပ်စွာစစ်ဆေးလေ့ရှိတာဖြစ်ပါတယ်။

▪️ ချန်ပီယံအိပ်မက်ဝေးကွာခဲ့ရတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း

ဗီယက်နမ်နိုင်ငံ မှာ ကျင်းပခဲ့တဲ့ ၂၀၂၅ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာမြန်မာ့လက်ရွေး စင် အမျိုးသမီးအသင်းက ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းကို ၁ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယဆုနဲ့နှစ်သိမ့်ခဲ့ရပါတယ်။

မြန်မာအသင်းက အုပ်စုတွင်းပြိုင်ပွဲမှာ နှစ်ပွဲနိုင်တပွဲသရေ ရမှတ်၇မှတ်ရရှိပြီး အုပ်စုဗိုလ်ဖြစ်ခဲ့တာပါ။
အကြိုဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ထိုင်းအသင်းကို နှစ်ဂိုးတဂိုးနဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာတော့ သြစတြေးလျ ကိုအရေးနိမ့်ပြီး ဆယ်စုနှစ်တခုကျော် ဝေးကွာနေတဲ့ချန်ပီယံဆုကို ပြန်သိမ်းပိုက်နိုင်ဖို့ အခွင့်အရေးလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆုကို မြန်မာအသင်းက ဂိုးသမား မျိုးမြမြငြိမ်းကရရှိခဲ့ပြီးဂိုးသွင်းအများဆုံး ကစားသမားဆုကို မြန်မာအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက သွင်းဂိုး ၇ ဂိုးနဲ့ ရရှိခဲ့လို့ ပရိတ်သတ်တွေအတွက်ဖြေသာနိုင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။