ဂါဇာမှာ အငတ်ဘေးဆိုက်နေပြီလို့ ကုလစောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်


လက်ရှိမှာ ဂါဇာဆီ နိုင်ငံတကာအကူအညီတွေ ပိုရောက်ဖို့ ခွင့်ပြုပေးရေးအတွက် အစ္စရေးအပေါ် ဖိအားတိုးလာနိုင်ပါတယ်။

၂၃ ၊ ဩဂုတ်လ။

ဂါဇာစီးတီးနဲ့ ပတ်ဝန်းကျင်ဧရိယာတွေမှာ အငတ်ဘေးဆိုက်နေပြီး အဆိုပါကပ်ဘေးဟာ ပိုမိုပျံနှံ့လာဖွယ်ရှိတယ်လို့ ကုလစောင့်ကြည့်ရေးအဖွဲ့တခုက ဩဂုတ်လ ၂၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Integrated Food Security Phase Classification (IPC) အစီရင်ခံစာရဲ့ ဖော်ပြချက်အရ လက်ရှိ လူပေါင်း ၅၁၄,၀၀၀ ဟာ အငတ်ဘေးကြုံတွေ့ရနေပြီး လာမယ့် စက်တင်ဘာလကုန်ပိုင်းဆိုရင်တော့ ၆၄၁,၀၀၀ အထိ တိုးလာလိမ့်မယ် သိရပါတယ်။

ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့အကြား စစ်ရေးပဋိပက္ခတွေ နှစ်နှစ်နီးပါးကြာလာချိန် အခုလို ကပ်ဘေးဖြစ်ပေါ်လာတာလို့ IPC က သုံးသပ်ပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ ဂါဇာဆီ နိုင်ငံတကာအကူအညီတွေ ပိုရောက်ဖို့ ခွင့်ပြုပေးရေးအတွက် အစ္စရေးအပေါ် ဖိအားတိုးလာနိုင်ပါတယ်။

အဆိုပါ အစီရင်ခံစာနဲ့ ပတ်သတ်လို့ ဒါဟာ မှားယွင်းနေပြီး ဟားမက်စ်အဖွဲ့က ထောက်ပံ့တဲ့ အချက်အလက် အများအပြားကို အခြေခံထားတာဖြစ်တယ် “ဂါဇာမှာ အငတ်ဘေးမရှိဘူး” လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီဂူတာရစ်က ဂါဇာအငတ်ဘေးဟာ လူလုပ်တဲ့ ဘေးဒုက္ခတခုဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပြီး ချက်ချင်းအပစ်ရပ်ကြဖို့ ဟားမက်စ်အဖွဲ့အနေနဲ့ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ၊ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ လက်လှမ်းမီနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဗြိတိန် ၊ ကနေဒါ ၊ ဩစတြေးလျနဲ့ တခြားဥပရောပနိုင်ငံတွေက ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းဟာ မှန်းဆလို့ မရတဲ့ အနေအထားကို ရောက်နေပြီလို့ သတိပေးပြီးနောက် IPC ရဲ့ အစီရင်ခံစာ ထွက်လာတာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ အဆိုအရ ဟားမက်စ်အဖွဲ့က အစ္စရေးတောင်ပိုင်းမှာ လူပေါင်း ၁,၂၀၀ကို သတ်ဖြတ်ခဲ့ပြီး ၂၅၀ကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ရက်နေ့က ဂါဇာမှာ စစ်ပွဲတွေ စတင်ခဲ့တာပါ။ အဲ့ဒီအချိန်ကစပြီး အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၆၂,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးအာဏာပိုင်တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ အမေရိကန် ၊ ကာတာနဲ့ အီဂျစ်တို့က ကြားဝင်စေ့စပ်ဖို့ ကြိုးစားနေကြပါတယ်။

Ref – Reuters
#ဂါဇာ #အငတ်ဘေး #အစ္စရေး #ဟားမက်စ်
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH