လယ်သမားတွေကအသိဉာဏ်အားနည်းသူတွေလို့တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ပြော


“သူတို့(လယ်သမား)သိတာက ဗိုက်ဆာတာနဲ့ ကြွေးထူတာပဲ သိပါတယ်။ ဗိုက်ဆာတာနဲ့ ကြွေးထူတာပဲသိတော့ သူတို့က ဗိုက်ဝပြီးတော့ တရားမျှတတဲ့ အစိုးရကိုပဲ မျှော်လင့်နေတာပါ”လို့ ပြောခဲ့တာပါ။

၂၂၊ ဩဂုတ်လ။

လယ်သမားတွေဟာ အသိဉာဏ်အားနည်းပြီး ဒီမိုကရေစီဆိုတာကို နားမလည်ကြောင်းနဲ့ ဗိုက်ဆာတာနဲ့ ကြွေးထူတာကိုပဲ သိကြတဲ့သူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီ ဥက္ကဌ ဦးကျော်စွာစိုးက ပြောပါတယ်။

“သူတို့သိတာက ဗိုက်ဆာတာနဲ့ ကြွေးထူတာပဲ သိပါတယ်။ ဗိုက်ဆာတာနဲ့ ကြွေးထူတာပဲသိတော့ သူတို့က ဗိုက်ဝပြီးတော့ တရားမျှတတဲ့ အစိုးရကိုပဲ မျှော်လင့်နေတာပါ”လို့ ပြောခဲ့တာပါ။

မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာလို့ ယူဆရတဲ့နေရာမှာ ဦးကျော်စွာစိုးရဲ့ပြောကြားချက်ကို ရုပ်/သံ ဖိုင်နဲ့တကွ ဖော်ပြထားတာ ဖြစ်ပါတယ်။

သူတို့ပါတီဝင်တွေဟာ တောင်သူလယ်သမားတွေ ဖြစ်ကြပါတယ်လို့ အစချီထားတဲ့ ဒီရုပ်/သံဖိုင်ကို တပ်မတော်အစိုးရ၊ NUG ၊ PDF နှင့်တော်လှန်ရေးတပ်ဖွဲ့များအားမေတ္တာရပ်ခံချက် လို့ခေါင်းစဉ်တပ်ထားပြီး EAO (တိုင်းရင်းသားလက်နက်ကိုင်) တွေဟာ ကိုယ်ကျိုးစီးပွားရှာကြသူတွေသာ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုထားပါသေးတယ်။

အနည်းငယ် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေပါဝင်တဲ့ ဒီရုပ်/သံဖိုင်မှာ NLD ပါတီဟာ မှတ်ပုံပြန်မတင်တဲ့အတွက် ပျက်သွားခဲ့ရတာဖြစ်တယ်လို့ ပြောထားတဲ့အပြင် ကိုယ့်ပါတီ ပုံရိပ်ကောင်းရင် ကိုယ့်ပါတီက ပြည်သူကို မနှိပ်စက်ဖူးရင် အောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် လို့လည်း ပြောထားပါတယ်။

ဒါပေမယ့် သူ့ရဲ့ပြောဆိုချက်တွေထဲမှာ စစ်အာဏာ
သိမ်းမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေ၊ တရားစွဲဆို ထောင်ချခံရသူတွေ၊ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် သေဆုံးသွားခဲ့ရသူတွေနဲ့ ပတ်သက်တာတွေတော့ မပါဝင်ခဲ့ပါဘူး။

တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပြီး တောင်သူ လယ်သမားအရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်မယ်လို့ကြွေးကြော်ခဲ့တာပါ။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ ဧရာဝတီ တိုင်းအတွင်းက မဲဆန္ဒနယ် ၄၂ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာလည်း ဧရာဝတီတိုင်းအတွင်းမှာ မဲဆန္ဒနယ် ၁၀ ခုဝန်းကျင်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေအပါအဝင် အနည်းဆုံး ရွေးကောက်ပွဲ ၃ ခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် လွှတ်တော်ထဲကို ဝင်ရောက်နိုင်ခဲ့သူ မရှိခဲ့ဖူးပါဘူး။

ပါတီစတင်တည်ထောင်စဉ်က ပဲခူးတိုင်းနဲ့ ဧရာဝတီ တိုင်းကတောင်သူလယ်သမားတွေရဲ့ အခက်အခဲတွေကို အဓိကထား ဖြေရှင်းဆောင်ရွက်သွားမယ် လို့ မီဒီယာတွေကို ဖြေကြားထားခဲ့ဖူးပေမယ့် လက်ရှိမှာတော့ နေပြည်တော်က ဒေသတချို့မှာ ပါတီလှုပ်ရှားမှုတွေကို တော်တော်လေး လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အချိုးကျခွဲဝေမှုစနစ် (PR) ဖြစ်တာကြောင့် ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်း လွှတ်တော်တက်နိုင်မယ့် အခွင့်အရေးရှိတယ်လို့လည်းယုံကြည်တယ်လို့ဦးကျော်စွာစိုးက ဆိုပါတယ်။

တောင်သူလယ်သမားတွေနဲ့ပတ်သတ်လို့ ဦးကျော် စွာစိုးပြောကြားမူတွေကို လယ်သမားမိသားစုမှာကြီးပြင်းခဲ့တဲ့ မြောင်းမြဒေသခံတဦးက” သူ့ကိုသိလည်းမသိ၊ကြားလည်းမကြားဖူးဘူး။ဒါပေမယ့်လယ်သမားတွေကိုအခုလိုပြောတာကိုကြည့်ရင်သူကမှအသိဥာဏ်မရှိတာအသိအသာကြီး” လို့မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံတော် တည်ငြိမ်
အေးချမ်းရေးကို အတူတကွလုပ်ဆောင်ပါ့မယ်လို့ ထုတ်ပြန်ချက် ထွက်ရှိထားတဲ့ တောင်သူလယ်သ မားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ ဧရာဝတီတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မှာလား ဆိုတာကိုတော့ DNA အနေနဲ့ မသိရသေးပါဘူး။

လာမယ့်ဒီဇင်ဘာလ၂၈ရက်မှာစတင်ပြုလုပ်မယ့်ရွေးကောက်ပွဲမှာစစ်တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ကိုး ပါတီ တနိုင်ငံလုံးအတိုင်းအ တာ ဝင်ပြိုင်မှာဖြစ်ပြီး စုစုပေါင်း ပါတီ ၅၀လောက် ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။