စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ MPD ပါတီ မြောင်းမြမှာရုံးဖွင့်ဖို့ စီစဉ်နေ


“MPDဟာ အာဏာသိမ်းစစ်ကောင်စီက ရွေးကော က် ပွဲကျင်းပမယ်လို့ ကြေညာအပြီး ပါတီမှတ်ပုံတင် ခွင့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပြီးနောက် ဒုတိယမြောက် မှတ်ပုံတင်ခွင့်ရခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။”

၂၁၊ ဩဂုတ်။

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံကြောင်းနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြို ဆိုကြောင်း ထုတ်ပြန်ခဲ့တဲ့ မြန်မာပြည်သူ့ ဒီမိုကရက် တစ်ပါတီ(MPD)က ဧရာဝတီတိုင်းမှာ လှုပ်ရှားမှုတွေ စတင်ပြုလုပ်လာနေပြီဖြစ်ပါတယ်။

“သူတို့ပြင်ဆင်ထားတာတော့တွေ့တယ် ရုံးကဖွင့်ပြီးတာလား မဖွင့်သေးတာလားတော့ မသိဘူး။ အရင် ကတော့ ဒီပါတီနာမည်ကို မကြားဖူးဘူး။ တခြားမှာတော့ မသိဘူး မြောင်းမြမှာတော့ မပြိုင်ဖူးဘူး”လို့ မြောင်းမြဒေသခံတဦးက ပြောပါတယ်။

မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD) ဟာ ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာအပြီး ပါတီမှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပြီးနောက် ဒုတိယမြောက် မှတ်ပုံတင်ခွင့်ရခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။

ဒီပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတုန်းက ဧရာဝတီတိုင်းရဲ့ဘယ်ဒေသမှာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် အခုအချိန်မှာတော့ မြောင်းမြမြို့နယ် ပါတီရုံး ဖွင့်လှစ်
တာမျိုးတွေအပါအဝင် ဧရာဝတီမှာ လှုပ်ရှားမှုတွေ ရှိလာနေပါတယ်။

“ခုထိတော့ မဖွင့်ရသေးဘူးလို့ထင်ပါတယ်။ ရုံးဖွင့် တာအပြင် တခြားလှုပ်ရှားမှုတွေတော့ မတွေ့သေးဘူး။ မသိတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့နော်။ ဒီမှာက PPP (ပြည်သူ့ရှေ့ဆောင်ပါတီ) လည်း ရှေ့လက လာဖွင့်တယ်။ ဒါပေမယ့် ပါတီလှုပ်ရှားမှုတွေ ဆက် တိုက်လုပ်နေတာကတော့ ကြံ့ခိုင်ရေးတခုပဲ တွေ့နေသေးတယ်”လို့ အခြား မြောင်းမြမြို့ခံတဦးက ရှင်းပြပါတယ်။

PPP နဲ့ MPD ပါတီတွေဟာ ၂၀၁၅ အလွန်ကာလမှာ ပါတီအဖြစ် တည်ထောင်ခဲ့ကြတာဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မြောင်းမြ မြို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ အလားတူ မြောင်းမြမြို့မှာ ပါတီရေးရာ လှုပ်ရှားမှုရှိနေတဲ့ ပြည်သူ့ပါတီ (PP) ဟာလည်း ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းရဲ့ ဒေသတချို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မြောင်းမြမှာတော့ ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါဘူး။

၂၀၂၀ ပြည်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲမှာ ဧရာဝတီတိုင်းအနှံ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပါတီတွေဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)၊ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) စတဲ့ ပါတီ ၃ ခုမှာ NLD ဟာ စစ်ကောင်စီရဲ့ ဖျက်သိမ်းခြင်းကို ခံခဲ့ရပြီး၊ UBP ကတော့ စစ်တပ်နဲ့နီးစပ်တဲ့ ဆက်ဆံရေးတွေ ရှိနေပေမယ့် ပြန်လည် မှတ်ပုံတင်ခြင်း မပြုသေးပါဘူး။

MPDပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာဘယ်ဒေသတွေဝင်ပြိုင်မယ်အပါအဝင်အသေးစိတ် အချက်အလက်တွေကိုတော့ DNAက ဆက်သွယ်
မေးမြန်းဖို့ကြိုးပမ်းနေဆဲဖြစ်ပါတယ်။