နှစ်နိုင်ငံ စီးပွားရေး မြှင့်တင်ဖို့ အိန္ဒိယနဲ့ တရုတ် သဘောတူ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အပြောင်းအလဲ မြန်တဲ့ နိုင်ငံခြားရေးရာမူဝါဒအခြေအနေကိုနောက် ခံထားပြီး အာရှရဲ့အင်အားကြီး နှစ်နိုင်ငံဟာ ဆက်ဆံရေး အားကောင်းလာနေတာပါ။

၂၀ ၊ ဩဂုတ်လ။

နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည် ပြေးဆွဲဖို့ ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ အိန္ဒိယနဲ့ တရုတ်တို့ ဩဂုတ်လ ၁၉ရက်နေ့က သဘောတူခဲ့ကြပါတယ်။ အိမ်နီးချင်းတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ တရုတ်တို့ဟာ ၂၀၂၀ နယ်စပ်ပဋိပက္ခကြောင့် ဆက်ဆံရေးတင်းမာခဲ့ပြီးနောက် ပြန်လည် တည်ဆောက်ရေး ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အပြောင်းအ လဲမြန်တဲ့ နိုင်ငံခြားရေးရာမူဝါဒ အခြေအနေကို နောက်ခံထားပြီး အာရှရဲ့ အင်အားကြီး နှစ်နိုင်ငံဟာ ဆက်ဆံရေး အားကောင်းလာနေတာပါ။

လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲဖို့အပြင် သတ်မှတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ် သုံးနေရာကို ပြန်ဖွင့်ဖို့ ၊ ဗီဇာခွင့်ပြုပေးဖို့အတွက်လည်း သဘောတူခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အိန္ဒိယနဲ့ တရုတ်အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်တွေဟာ ၂၀၂၀ ကိုဗစ်ကာလကတည်းက ရပ်ဆိုင်းခဲ့တာပါ။ ဘယ်အချိန်ပြန်လည်ပြေးဆွဲမယ်ဆိုတာ မထုတ်ပြန်သေးပါဘူး။

မကြာသေးခင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ် ယီ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ၂ရက်ကြာ ခရီး စဉ်သွားရောက်ပြီးနောက် အခုလို သဘောတူခဲ့ကြတာပါ။

ခရီးစဉ်မှာ မစ္စတာ ဝမ်ယီဟာ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေး အာဂျစ် ဒိဗယ်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဆယ်စုနှစ်ချီကြာ နယ်စပ်ရေးရာ အငြင်းပွားမှုနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့ ၂၄ကြိမ် မြောက် ဆွေးနွေးပွဲကို တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ အငြင်းပွါးဖွယ်ဟိမဝန္တာနယ်စပ် ကနေ နှစ်နိုင်ငံ တပ်ဖွဲ့ဝင်တွေ ပြန်လည် ဆုတ်ခွာရေး ၊ နယ်နမိတ်ပိုင်းခြားရေးနဲ့ နယ်စပ်ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တခုမှာလည်း နယ်စပ်ရေးရာ ညှိနှိုင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ အလုပ်အဖွဲ့တခု ဖွဲ့စည်းသွားဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

Ref – Reuters