မြစ်ကမ်းပါးပြိုကျမှုကိုကိုယ်ထူကိုယ်ထကာကွယ်နေရတဲ့ဆားမလောက်ကျေးရွာ


“ကမ်းပြိုတာက ရန်ကုန် – ပုသိမ် ကားလမ်းနဲ့ ပေ ၃၀၀ ၊ ပေ ၄၀၀ လောက်အထိ နီးလာပြီ”လို့ ဒေသခံတဦးကပြောပါတယ်။

၁၈၊သြဂုတ်

ဧရာဝတီတိုင်း၊ညောင်တုန်းမြို့နယ်၊ ဆားမလောက် ကျေးရွာမှာ မြစ်ကမ်းပြိုကျမှုတွေ ဖြစ်ပွားနေတာ ကြောင့် ဒေသခံတွေဟာ အုန်းပင် ၊ ဝါးပင်တွေကို အသုံးပြုပြီး လှိုင်းဒဏ်နဲ့ ရေတိုက်စားမှုဒဏ်ခံနိုင်အောင် ကိုယ်ထူကိုယ်ထလုပ်ဆောင်နေရပါတယ်။

ဇွန်လ ၂ ရက်ကစတင်ပြီးတော့ ပန်းလှိုင်မြစ်ရေတိုက်စားမှုဟာ ပိုမိုးဆိုးရွာလာခဲ့တယ်လို့ ဒေသခံတဦးကပြော ပါတယ်။ဒါ့အပြင် မြစ်ကမ်းပါးပြိုတာကြောင့် ဖေဖော်ဝါရီလမှာ နေအိမ်၁ လုံး ၊ မတ်လအတွင်းနေအိမ် ၇ လုံး နဲ့ ဇွန်လမှာနေအိမ် ၂လုံးကို မြစ်ထဲမျောမပါသွားခင် ကြိုတင်ဖျက်သိမ်းခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

“မြေတခါပြိုရင် မြစ်ကမ်းကနေ ပေ ၂၀ ၊ ပေ ၆၀ လောက်အထိရှိတယ်။ အလျားက ပေ ၁၀၀ ကနေ ပေ ၂၀၀ အထိရှည်တယ်”လို့ ဆားမလောက်ရွာသားတဦးပြောပါတယ်။ အခုဆိုရင် မြစ်ကမ်းပါးပြိုကျတာ ကြောင့် ကျေးရွာလမ်းလည်း ပျက်ဆီးခဲ့တယ် လို့ သူကဆက်ပြောပါတယ်။

“လမ်းပျက်သွားတော့ အိမ်ခြံတွေက လမ်းမြေထပ်ချန်ပေးတယ်။ ကြာလာရင်တော့ အိမ်ကြီးအိမ် ကောင်းတွေပါ ထပ်ဖျက်ရလိမ့်မယ်။ ကမ်းပြိုတာက ရန်ကုန် – ပုသိမ် ကားလမ်းနဲ့ ပေ ၃၀၀ ၊ ပေ ၄၀၀ လောက်အထိ နီးလာပြီ”လို့ ဒေသခံကပြောပါတယ်။

ဩဂုတ်လ ၁၄ ရက်မှာတော့ မြစ်ကမ်းပါးပြိုကျတာကို လျော့ကျသွားစေဖို့အတွက် ကြိုတင်ကာကွယ်မှု တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဆားမလောက်ကျေးရွာမှာက တချို့နေရာတွေ ကျောက်စီနံရံအ ကာ အကွယ်တွေရှိပြီးတော့ တချို့နေရာတွေမှာတော့ ကမ်းပြိုကျတာနဲ့ပတ်သက်လို့ အကာအကွယ် တွေမရှိပါဘူး။

အထူးသဖြင့် ကျောက်စီနံရံတွေမရှိတဲ့ ဆားမလောက်ကျေးရွာ အထက်ပိုင်းရပ်ကွက် ၊ အလယ်ပိုင်းရပ် ကွက်နဲ့ ရွာလယ်ဘုန်းကြီး ကျောင်းရှေ့တွေမှာ မြစ်ကမ်းပြိုကျမှုတွေ ဖြစ်ပွားခဲ့တာပါ။ တချို့နေရာတွေဆို ရင် ဘုရားစေတီတော်တွေပါ မြစ်ထဲမျောပါခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။

ပန်းလှိုင်မြစ်နဲ့ ရန်ကုန် – ပုသိမ်လမ်းမ အကြားမှာတည်ရှိတဲ့ ဆားမလောက်ကျေးရွာမှာ နှစ်စဉ်နှစ်တိုင်း မြစ်ကမ်းပြိုကျတာတွေရှိပါတယ်။

အထူးသဖြင့် နွေကာလ မြစ်ရေနည်းချိန်တဲ့ မိုးဦး ကျကာလ မြစ်ရေ စီးသန်ချိန်တွေမှာ မြစ်ကမ်းပိုမို့ပြိုကျလေ့ရှိပါတယ်။