အမှတ်တရ အယ်ဒီတာ့စကား

၁၆ ၊ ဩဂုတ်လ။

၂၀၁၈ ဩဂုတ်လ ၁၆ ရက်နေ့မှာ စတင်ခဲ့တဲ့ DNA ဟာ ဒီနေ့ဆိုရင် ၇ နှစ်သက်တမ်းရှိခဲ့ပါပြီ။ ၂၀၀၈ နာဂစ်ကို မျက်ဝါးထင်ထင် တွေ့ကြုံခဲ့ရအပြီးမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအတွက် ဒေသတွင်း သတင်းဌာနတခု ထူထောင်ချင်တဲ့ ဆန္ဒကို ၁၀ နှစ် အကြာ ၂၀၁၈ မှာ စတင်အကောင်အထည် ဖေါ်နိုင်ခဲ့တာပါ။

ဒါပေမယ့် DNA စတင်ထူထောင်ခဲ့ပြီး ဒီနေ့အထိ ၇ နှစ်တာခရီးဟာလည်း မြန်မာနိုင်ငံရဲ့ မုန်တိုင်းအထန် ဆုံး ကာလခရီးဖြစ်နေခဲ့ပြန်ပါတယ်။ ၂၀၁၈ ကနေ ၂၀၁၉ နှစ်ကုန်ပိုင်းကာလတွေဟာ ဒီမိုကရေစီအစိုး ရဖြစ်တဲ့ ဒီချုပ်ပါတီရဲ့ တကျော့ပြန် ရွေးကောက်ပွဲ တောင်ပြိုကမ်းပြို အနိုင်ရခဲ့မှုနဲ့အတူ အစိုးရဖွဲ့နိုင်ခဲ့အပြီး အစိုးရသက်တမ်း၊လွှတ်တော်သက်တမ်း ၅ နှစ်ရဲ့ ထက်ဝက်ကျော် ခရီးပေါက်လာချိန် လွှတ် တော်အတွင်းနဲ့ လွှတ်တော်ပြင်ပမှာပါ နိုင်ငံရေးလေ နီကြမ်းတွေ စတင်တိုက်ခတ်လာတဲ့ အချိန်ကာလပါပဲ။

၂၀၁၉ နှစ်ကုန်ပိုင်းမှာတော့ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ
ဆိုးဟာ မြန်မာပြည်ကို စတင်ရောက်လာခဲ့ပြန်ပါတယ်။ ၂၀၂၀ မှာ ကပ်ရောဂါကြားကပဲ လူထုဟာ အိမ်အပြင်ကိုထွက်ပြီး အထွေထွေရွေးကောက်ပွဲကြီးကို အင်တိုက်အားတိုက် မဲပေးခဲ့ကြပြန်ပါတယ်။

ဒီချုပ်ပါတီ ဒုတိယအကြိမ် အစိုးရဖွဲ့ခွင့် ထပ်မံရရှိခဲ့ပြန်ပါတယ်။သို့သော် အာဏာငန်းဖမ်းသူတွေရဲ့ အသိဥာဏ်မဲ့ မိုက်မှုမဲကြားမှာ ဒီမိုကရေစီရောင်နီမြင်စ ၊ နိုင်ငံသားတွေရဲ့ ဖွံဖြိုးတိုးတက်မှုတက်ရိပ်သန်းစ နိုင်ငံဟာ စစ်အာဏာသိမ်းမှုအောက်မှာ တကျော့ပြန် အမှောင်တိုက်ထဲ သက်ဆင်းခဲ့ရပြန်ပါတယ်။

နိုင်ငံရေးလေနီကြမ်းတွေရဲ့ အလွန် ၂၀၂၁ မှာ လက်နက်ကိုင်တော်လှန်ရေး မှန်တိုင်းထန်ခဲ့ပြန်တာ ဒီနေ့ထိထက်တိုင်ပါပဲ။ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးရဲ့ အရက်စက်အကြမ်းတမ်းဆုံး ကာလတွေ ဆိုပါတော့။ ဒါ့ကြောင်ပါပဲ DNA ဟာလည်း နိုင်ငံရဲ့ လှိုင်းကြီးလေထန်တဲ့ကာလတွေမှာ ၇ နှစ်တာ ခရီးကို အလူးလူး အလွန့်လွန့် ရုန်းကန်ရှင်သန်ခဲ့ရပါတယ်။

DNA သတင်းဌာနကို ပုသိမ်မြို့မှာ စတင်အခြေစိုက်
ခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကာလမှာတော့ ဟင်္သာတမြို့ကို ပြောင်းရွှေ့အခြေစိုက်ခဲ့ရပါတယ်။ DNA အနေနဲ့ မူလက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အခြေပြုပြီး ဒေသတွင်း ရုပ်သံသတင်းတွေကိုသာ သီးသန့်ဖေါ်ပြခဲ့ပေမယ့် စစ်အာဏာသိမ်းလိုက်ချိန်မှာတော့ လူထုနဲ့ တသားတည်းရပ်တည် ပြီး နိုင်ငံအဝှန်းက ဒီမိုကရေစီတောင်းဆို ဆန္ဒပြပွဲ သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖေါ်ပြနိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒါကြောင့်ပဲ လုံခြုံရေးအခြေအနေအရ ရန်ကုန်
မြို့ကို ပြောင်းရွှေ့ အခြေချခဲ့ရ ပြန်ပါတယ်။ စစ်အာဏာရှင်စနစ်ကို မလိုချင်တဲ့ လူထုရဲ့ နိုင်ငံနဲ့အဝှန်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေ လှိုင်းအရှိန်မြင့်တက်ချိန် တဖက်မှာလည်း စစ်အာဏာရှင်က သတင်းမီဒီယာတွေအပေါ် ဖိအားပေးလာခဲ့ပြန်ပါတယ်။

အဲဒီအတွက် DNA အနေနဲ့ စစ်အာဏာရှင်စက်ဝန်းက လွတ်ရာ ကရင်ပြည်နယ်အတွင်းက တိုင်းရင်းတော်လှန်ရေးတပ်ဖွဲ့တွေရှိရာ ဧရိယာတွေမှာပြောင်း ရွှေ့ရုံးစိုက်ပြီး ပြည်သူ့အတွက် သတင်းတွေကို နားရက်မရှိ တင်ဆက်ခဲ့ကြရပြန်ပါတယ်။

၂၀၂၁ ဇွန်လမှာ DNA အဖွဲ့တော်သားတွေဟာကရင် ပြည်နယ်၊လေးကေ့ကော်မြို့သစ်ကို ပြောင်းရွှေ့ခဲ့ပြီး သတင်းတင်ဆက်မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြပါတယ်။၂၀၂၁ ဒီဇင်ဘာလမှာတော့ လေးကေကော်မြို့သစ် ဧရိယာအတွင်း တိုက်ပွဲတွေကြောင့် နိုင်ငံစွန့်ခွာဖို့ အကြောင်းဖန်လာပြီး သတင်းတွေ အဆက်မပြတ် တင်ဆက်နိုင်ဖို့ သောင်ရင်းမြစ် တဖက်ကမ်း မဲဆောက်မြို့မှာ ပြောင်းရွှေ့အခြေချပြီး သတင်းတွေတင်ဆက်ခဲ့ရပြန်ပါတယ်။

စတင်ထူထောင်ခဲ့ချိန်ကနေ ဒီနေ့အထိ DNA ကို အစဉ်တစိုက်အားပေးခဲ့ကြတဲ့ စာဖတ်ပရိတ်သတ်များ ခင်ဗျာ…၂၀၂၅ ခုနှစ် ဇန်နဝါရီလက စတင်ပြီး DNA အနေနဲ့ မူလမွေးဖွားရာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသနဲ့ သက်ဆိုင်တဲ့ သတင်းတွေ၊ဆောင်းပါးတွေကိုသာ ပြန်လည်ဦးတည်ပြီး တင်ဆက်ရေးသားဖို့ အယ်ဒီတာမူဝါဒကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး ဆက်လက်ချီတက်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တွေအတွင်းမှာ သတင်းမီဒီယာဖွံ့ဖြိုးမှု အားအနည်းဆုံး ဒေသတခုဖြစ်ပြီး ဒေသတွင်းမှာနေထိုင်သူတွေရဲ့ အခြေခံဒီမိုကရေစီ စံနှုန်းတွေဖြစ်တဲ့ သတင်းသိပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ အတွက် DNA ဟာ လွတ်လပ်တဲ့သတင်းဌာနအနေနဲ့ ဧရာဝတီမြစ်ကြီး စီးဆင်းနေသမျှကာလပတ်လုံး ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်ကြောင်း အဓိဌာန်ကတိပြုလိုက်ကြောင်းပါ ခင်ဗျား။