“ ကျွန်မသားကို ညဖက်လမ်းမှာ ဖမ်းခေါ်သွားပြီး စစ်ထဲအတင်းထည့်ခဲ့တာ၊ ရာအိမ်မှူးကပြောမှ တပ်ထဲရောက်နေတာ သိရတယ် ၊ဘယ်တပ်မှာဆိုတာ လည်းမသိခဲ့ရဘူး၊ ခုတပ်ကနေ ထွက်ပြေးသွားလို့ပြန်ခေါ်ပေး၊ မပေးလို့ ပြန်ဖမ်းမိရင် ကျမကိုပါ ပစ်သတ်မယ် ပြောတယ်၊ ခေါ်သွားတာ ရဲတွေ၊စစ်သားတွေလေ ကျမကဘယ်နေရာ ဘယ်လိုသွား ခေါ်ရမှာလဲ”
၁၅၊ဩဂုတ်လ။
စစ်တပ်ကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေကို ပြန်ခေါ်မပေးတဲ့ မိသားစုဝင်တွေကို ပစ်သတ်ခံရမယ်လို့ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) လက်အောက်ခံ တပ်ရင်းတခုဖြစ်တဲ့ ခလရ ၂၇၁ ထဲကို ခေါ်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
ရှေ့တန်း စစ်မျက်နှာအတွက် စစ်သားသစ်တွေ အချိန်းအပြောင်း လုပ်တဲ့ ခလရ ၂၇၁ မှာ စစ်သားသစ်တွေ စုဖွဲ့ ထားစဉ် ထွက်ပြေးတာ ၊ ရှေ့တန်းက ပြန်လာသူတွေကလည်း မူလအင်အားအတိုင်း နောက်တန်းပြန်မရောက် တာတွေကြောင့် ပြန်ရောက်မလာတဲ့ စစ်သားရဲ့ မိသားစုတွေကို တိတ်တဆိတ် ခေါ်ပြီး ခြိမ်းခြောက်ပြော ဆိုခဲ့တာပါ။
“ ကျွန်မသားကို ညဖက်လမ်းမှာ ဖမ်းခေါ်သွားပြီး စစ်ထဲအတင်းထည့်ခဲ့တာ၊ ရာအိမ်မှူးကပြောမှ တပ်ထဲရောက်နေတာ သိရတယ် ၊ဘယ်တပ်မှာဆိုတာ လည်းမသိခဲ့ရဘူး၊ ခုတပ်ကနေ ထွက်ပြေးသွားလို့ပြန်ခေါ်ပေး၊ မပေးလို့ ပြန်ဖမ်းမိရင် ကျမကိုပါ ပစ်သတ်မယ် ပြောတယ်၊ ခေါ်သွားတာ ရဲတွေ၊စစ်သားတွေလေ ကျမကဘယ်နေရာ ဘယ်လိုသွား ခေါ်ရမှာလဲ” လို့ စစ်သားသစ်စုဆောင်းခံခဲ့ရတဲ့သူရဲ့ မိခင်က DNA ကိုပြော ပါတယ်။
ပုသိမ်မြို့အဝင် လေဆိပ်အရှေ့ ကားလမ်းမကြီး တဖက်မှာ အခြေစိုက် ထားတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ ခလရ ၂၇၁ ဟာ၊ အာရက္ခ တပ်တော် AA နဲ့ တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ သာပေါင်း ၊ရေကြည်၊ လေးမျက်နှာ မြို့နယ်တို့က ရှေ့တန်းစစ်မြေပြင် ကို တပ်သားသစ် အချိန်းအပြောင်း လုပ်ဖို့စုဖွဲ့တဲ့ တပ်စခန်း ဖြစ်ပါတယ်။
နတခ လက်အောက်မှာ စုဖွဲ့ထားတဲ့ တပ်သားသစ်တွေဟာ စစ်တပ်ထဲ မဝင်လိုသူတွေ ၊ ငွေ ကြေးပေးပြီး လူစားထည့်ပေးသူတွေ၊ လမ်းပေါ်လေလွင့် လူငယ်တွေ၊ သူခိုးသူဝှက် လုယက်တတ်သူတွေ စသဖြင့် အများစုပါဝင်ကြပါတယ်။
“ပြီးခဲ့တဲ့လက ပုသိမ်မြို့ ပေါ်ရပ်ကွက် တခုကပဲ သိန်း ၉၀ နဲ့ လူစားထိုး လိုက်လာတဲ့ တပ်သားသစ် တယောက်ပါလာပြီး သူနဲ့ အတူ အခြား သုံးယောက်ကို ခေါပြီး ထွက်ပြေးသွား တယ်။ ရှေ့တန်းမပို့ခင် ထွက်ပြေးတာတွေ ရှိနေပေမယ့် တပ်ရင်းမှူးက သတင်းကို ဖုန်းဖိထားပြီး ရှေ့တန်းမှာ ပျောက်တယ် ဆိုပြီးစာရင်းပြတယ်” လို့ ခလရ ၂၇၁ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့က တပ်သားသစ်တွေဟာ ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးတာ၊ ထွက်ပြေးတာတွေ အများအပြားရှိနေသလို သင်တန်းမှာထွက်ပြေးတာ ၊ သင်တန်းမတက်ခင် စုဆောင်းရေးကနေ ထွက်ပြေးတာ၊ သင်တန်းဆင်းပြီး ရှေ့တန်းမပို့ခင်နဲ့ ရှေ့တန်းအသွား လမ်းမှာထွက်ပြေးတာတွေလည်း ရှိနေပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် နဲ့ ဧရာဝတီတိုင်းအတွင်း စစ်ရေးအရ စွန့်လွှတ် ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ ပြန်ရဖို့အတွက် အနောင်တောင်တိုင်း စစ်ဌာနချုပ်ရဲ့ ကြည်းတပ် အင်အားသာမက လေတပ် ၊ ရေတပ်အင်အားပါတိုးချဲ့ လုပ်ဆောင်နေပြီး အခြား တိုင်းစစ်ဌာနချုပ်က တပ်ကူအင်အား တပ်မ ၁၁၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၁၀၁ တို့ကို လည်း ဖြည့်တင်းထားပါ တယ်။