စစ်မှုထမ်းကင်းလွတ်ခွင့် ကောက်ခံငွေ မြင့်တက်လာနေတဲ့ဓနုဖြူ


“ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်(ဒေသခံတွေ အပြာဝတ် လို့ခေါ်)တွေ ပူးပေါင်းပြီး လုံခြုံရေးအဖွဲ့လို့ခေါ်တဲ့ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ စစ်မှုထမ်းထောက်ပံ့ကြေး (ကင်းလွတ်ခွင့်) ငွေကြေးကို ကောက်ခံနေတာ ဖြစ် သလို ငွေမပေးသူတွေကိုလည်း ဖမ်းဆီးထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။”

၁၅၊ ဩဂုတ်လ။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ပေါ်မှာ စစ်မှုထမ်းကင်းလွတ်ခွင့်ထောက်ပံကြေးအတွက် ငွေကြေးကောက်ခံမှုက သိန်းဆယ်ဂဏာန်းနီးပါးအထိ ရှိလာနေပြီး အနိမ့်ဆုံးဟာ ကျပ်ငွေ၂သိန်းဖြစ်လာနေပြီလို့ မြို့ခံတွေက DNA ကိုပြောပါတယ်။

“ဒီမှာလူမရှိနေရင်တောင် သန်းခေါင်စာရင်းထဲမှာရှိနေရင် ပိုက်ဆံပေးရတယ်။ စစ်မှုထမ်းပါတဲ့ အသက် ပေါ့နော် အဲ့လို အသက်အရွယ်မျိုးရှိတဲ့ အိမ်တိုင်းပေးရတယ်။ မရှိတဲ့အိမ်တွေကိုတော့ မကောက်ဘူး။ သူတို့(အုပ်ချုပ်ရေးမှူး)ရဲ့ သားသမီးတွေကတော့ စကတည်းက စစ်မှုထမ်းကင်းလွတ်ခွင့်ရထားပြီးသားလို့ သိထားတယ်”လို့ ဓနုဖြူဒေသခံတဦးက ဆိုပါတယ်။

ဓနုဖြူမြို့နယ်မှာ ဒီလိုကောက်ခံမှုမျိုးကို မြို့ပေါ်မှာပဲ လုပ်ဆောင်နေတာမဟုတ်ပဲ ဓနုဖြူမြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေ အကုန်လုံးမှာ နယ်မြေအပိုင်းလိုက် သတ်မှတ်ကောက်ခံဖို့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ စစ်တပ်၊ ရဲနဲ့ပြည်သူ့စစ်တွေပူးပေါင်းပြီးလုပ်ဆောင် နေတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

“သူဌေးရပ်ကွက်တွေနဲ့ ဈေးဆိုင်ကြီးတွေမှာအနည်း ဆုံး ၄ သိန်းကနေ ၁၀ သိန်းတောင်းနေတာတွေရှိတယ်။ တခြားပုံမှန်အိမ်တွေဆိုရင်တော့ တယောက် ရှိရင် ၂ သိန်း နှစ်ယောက်ဆို ၄သိန်းလောက်ကောက် နေတယ်”လို့ ဒေသခံတဦးက ဆိုပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ် (ဒေသခံတွေ အပြာဝတ်လို့ခေါ်)တွေ ပူးပေါင်းပြီး လုံခြုံရေးအဖွဲ့လို့ခေါ်တဲ့ ပူးပေါင်းအဖွဲ့ ဖွဲ့စည်းကာ စစ်မှုထမ်း ထောက်ပံ့ကြေး (ကင်းလွတ်ခွင့်) ငွေ ကြေးကို ကောက်ခံနေတာဖြစ်သလို ငွေမပေးသူတွေကို ဖမ်းဆီးထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် တဖက်မှာလည်း ငွေကြေးပေးဆောင် ထားတာကြောင့် စစ်မှုထမ်းကင်းလွတ်ဖို့ သေချာအာမခံထားတာမျိုးမရှိဘဲ လုံခြုံရေးအဖွဲ့ကင်းလှည့် ရင်း ဖမ်းဆီးခံရသူတွေကို စစ်မှုထမ်းအတွက် စုဆောင်းတာမျိုးတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူတို့က စစ်မှုထမ်းရှောင်ဖို့ ဒီငွေတွေကို တရားဝင် ကောက်ခံနေတာဖြစ်တယ်ဆိုတာမျိုးပြောတယ်။ အဲ့လိုလုပ်လို့ရ မရမသိပေမယ့် လူခေါ်သွားမှာထက် စာရင် ငွေပေးလိုက်မယ်လို့တွေးကြသူများတယ်။ ဒါပေမယ့် လစဉ်ပေးနေရတာလေ တလထက် တလလည်းများလာနေသေးတယ်” လို့ ကိုယ်တိုင်စစ်မှုထမ်း အသက်ရွယ်မှာ ပါဝင်နေလို့ ငွေကြေးပေးဆောင်နေရသူ တဦးက ရှင်းပြတယ်။

စစ်မှုထမ်းထောက်ပံ့ကြေးငွေ စတင်ကောက်ခံစဉ် က ငွေကျပ် သောင်းဂဏာန်းနဲ့ စတင်ခဲ့ပေမယ့် အခုလမှာတော့ လူဦးရေနည်းတဲ့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အမှတ်၄၊ အမှတ်၇နဲ့ အမှတ်၈ ရပ်ကွက်တွေမှာ ကောက်ခံတဲ့ နူန်းထားတွေဟာ ၁၀ သိန်းဝန်း ကျင်ထိ မြင့်တက်လာခဲ့တာလို့လည်း သိရပါတယ်။