သီးနှံဖျက် ရွှေခရု ကိုက်တာကြောင့် စပါးပင် တွေပျက်ဆီးလို့ ပြန်စိုက်နေရ

“ရွှေခရုတွေက အနိမ့်ပိုင်း လယ်မြေတွေက သက်တမ်းနု စပါးပင်တွေကို ကိုက်ဖြတ်ကြတာမို့ ပျိုးပင်တွေကို ကုန်းမြင့်လယ်တွေမှာ စိုက်ကြဖို့လိုတယ်။

၁၄၊ဩဂုတ်လ။

မြောင်းမြ၊ပုသိမ်၊ကန်ကြီးထောင့်၊ငပုတော နဲ့ မအူပင်မြို့နယ်တွေရဲ့ အနိမ်းပိုင်းလယ်တွေမှာ ရွှေခရုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပြီး ပြန်လည်စိုက်ပျိုးနေရပါတယ်။

စိုက်ပျိုးပြီး စပါးတွေရဲ့ ၃၀ ရာခိုင်နှုန်းနီးပါး ရွှေခရုကိုက်လို့ ပျက်ဆီးခဲ့ပြီး မြောင်းမြနဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ အများဆုံး ပျက်ဆီးခဲ့ပြီး မြို့နယ် ၅ ခုက ကျေးရွာအုပ်စု ၆၀ ကျော်မှာ အခုလို အခြေအနေတွေ ရင်ဆိုင်နေရတာပါ။

“မိုးကြိုကာလ ပျိုးထောင်ပြီးစ သက်တမ်းနုနေချိန်မှာ ကိုက်ဖြတ်ခံရတာ၊ ပင်စည်ကို ကိုက်ဖေါက်ပစ်တာ ဆိုတော့ စပါးပင်တွေ သေကုန်တာပေါ့။ အဲ့ဒီ ရွှေခရုတွေကို လိုက်ကောက်ပြီး ရှင်းပစ်တာပဲ တတ်နိုင်တယ်။ သေသွားတဲ့ စပါးပင်ကျတော့ လယ်ထဲရေလျှံနေချိန် ဖြစ်နေတော့ ပျိုးပြန်ထောင်လို့ မရသေးတာလို့ ခုမှ ရေနည်းချိန်မှာ ပြန်စိုက်ရတယ်” လို့ မြောင်းမြမြို့နယ်ရှိ တောင်သူ တဦးက DNA ကိုပြောပါတယ်။

စိုက်ပျိုးရမယ့် ရာသီချိန် နောက်ကျတာနဲ့ မျိုးစပါးပြန်ဝယ်ရတာ၊ ကောက်စိုက်သမား စားရိတ် နဲ့ အခြား သွင်းအားစု စားရိတ်ထပ်ကုန်ကျတာတွေ စတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုကုန်ကျတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ရတယ်လို့ သူ (မြောင်းမြမြို့နယ်ရှိ တောင်သူတဦး) ကဆက်ပြောပါတယ်။

ဧရာဝတီတိုင်းမှာ မိုးစပါးကို မေလလယ်ကနေ အောက်တိုဘာလအတွင်း စိုက်ပျိုးကြပြီး  အချို့ဒေသတွေမှာတော့ မိုးကြိုကာလ မေလဆန်းကတည်းက ပျိုးထောင်ကြတဲ့ အတွက် ပျိုးထောင်ပြီးလို့ စပါးပင်သက်နုချိန် ပျိုးပင်သက်တမ်း ၇ ရက် ကနေ ၁၄ ရက်သား ခန့် မှာရွှေခရုတွေ ကျရောက်ကြပါတယ်။

ရွှေခရုတွေဟာ အနိမ့်ပိုင်းလယ်မြေတွေ၊ ရေဝင်ရေထွက်တွေနဲ့ထိစပ်တဲ့ ဒေသတွေမှာ အများဆုံး ကျရောက်ပြီး အထူးသဖြင့် ရေငံဝင်တဲ့ ဒေသတွေမှာ ကျရောက်မှု နည်းပါးပေမယ့် ဒီနှစ်မှာတော့ မြစ်ညှာရေ အဆင်းများပြီး မိုးများတာကြောင့် ငဝန်မြစ်အောက်ပိုင်းဖြစ်တဲ့ ငပုတောမြို့နယ် အတွင်းမှာလည်း ရွှေခရုတွေ ကျ ရောက်ပါတယ်။

“ရွှေခရုတွေက အနိမ့်ပိုင်း လယ်မြေတွေက သက်တမ်းနု စပါးပင်တွေကို ကိုက်ဖြတ်ကြတာမို့ ပျိုးပင်တွေကို ကုန်းမြင့်လယ်တွေမှာ စိုက်ကြဖို့လိုတယ်။ စိုက်ပျိုးချိန် နဲ့ စိုက်ပျိုးရမယ့် နေရာပြောင်းလဲလိုက်ရင် ရွှေခရုကျတဲ့ အန္တရယ်ကနေ လွတ်မြောက်နိုင်မယ်။ သီးနှံဖျက်ပိုးတွေ အန္တရယ် မကျရောက်ဖို့နဲ့ ကာကွယ်ဖို့နဲ့ ကျရောက်ခဲ့ရင် ကုစားရမယ့် နည်းလမ်းတွေကို စိုက်ပျိုးရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းလို့ ရတယ်” လို့ စိုက်ပျိုးရေးဌာန မန်နေဂျာတဦးက အကြံပြုပါတယ်။

အခုအခါမှာ ရွှေခရုကိုက်ဖြတ်လို့ ပျက်ဆီးသွားတဲ့ လယ်တွေမှာ စပါးပြန်စိုက် နေကြပြီး မျိုးစပါးနဲ့  စက်သုံးဆီ အပါအဝင် သွင်းအားစုတွေ ၃ ဆတိုး ဈေးမြင့်တက်နေတာကြောင့် တောင်သူတွေ အခက်တွေ့နေရပြီး လယ်သမားငယ်တွေကတော့ ပြင်ပငွေချေးသူတွေ ဆီကနေ ၂၀ ကျပ်တိုးနဲ့ အတိုး ကြီးပေး ချေးယူပြီး စပါးပြန်စိုက်ကြရပါတယ်။

ဧရာဝတီတိုင်းမှာ  အသားတင်စိုက်ပျိုးမြေ  ၄၈၁၀၀၄၄ ဧကရှိပြီး မိုးစပါး စိုက်ပျိုးဧက ၃၈ သိန်းနီးပါး ရှိကာ ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာ လုပ်ငန်း လုပ်ကိုင်သူတွေ ဖြစ်ကြပါတယ်။