အင်္ဂပူ-ညောင်ကျိုးလမ်းအလုံးစုံပျက်ဆီးသွားလို့ဒေသခံတွေအခက်တွေ့နေ


“ အင်္ဂပူမြို့နယ်အတွင်းရွေးကောက်ပွဲအောင်နိုင်ရေးအကြို လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ပြည် ခိုင်ဖြိုးပါတီဟာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ခြုံရှင်းတာ၊ ခြင်ဆေးဖြန်းတာတွေ ပြုလုပ်နေပြီးအခုပျက်ဆီးသွားတဲ့ လမ်းပိုင်းကိုလည်း လာရောက်ကြည့်ရှုခဲ့ပေမယ့် ပြင်ဆင်ပေးဖို့ ကူညီပေးတာတော့ မရှိခဲ့ဘူးလို့သိရပါတယ်။”

၁၄၊ ဩဂုတ်လ။

အခုနှစ် မိုးရာသီစတင်ကတည်းကဆက်တိုက် ပြိုကျမှုတွေဖြစ်ပွားခဲ့တဲ့ အင်္ဂပူမြို့နယ်ထဲက အင်္ဂပူ – ညောင်ကျိုး ဆက်သွယ်ရေးလမ်းပိုင်းဟာ သြဂုတ် လ၁၂ရက်မှာတော့ ကားလမ်းဟာ အလုံးစုံပျက်ဆီးသွားလို့ ကုန်စည်စီးဆင်းမှုဟာ အရင်ကထက် ပိုမိုခက်ခဲနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

လက်ရှိမှာတော့ ဒေသအာဏာပိုင်တွေက မဲဇလီကုန်း – ညောင်ကျိုးလမ်းပိုင်းကိုသာ အသုံးပြုကြဖို့ တိုက်တွန်းနှိုးဆော်တာတွေ၊ သတိပေးတာတွေ ပြုလုပ်နေပါတယ်။

“ပြီးခဲ့တဲ့ ၆ လပိုင်းကတည်းက ဆက်တိုက်ပြိုတာ။ အစကတော့ လမ်းလွှဲကနေသွားပေါ့။ လမ်းလွှဲက ဆိုင်ကယ်တွေပဲ သေချာသွားလို့ရတယ်။ ပြီးခဲ့တဲ့လကတော့ ရေထပ်ကျော်တယ် အခုတော့ လမ်းတခုလုံး ပြိုကျသွားတာပါ”လို့ ညောင်ကျိုး ဒေသခံတဦးက ရှင်းပြပါတယ်။

လမ်းပြိုကျမှုမှာ လူထိခိုက်မှုတွေ မရှိခဲ့ပေမယ့် ဆက်ပြိုနိုင်တဲ့ အခြေအနေတွေရှိနေတာကြောင့် မလွတ်ကင်းတဲ့ အိမ်တချို့ပြောင်းရွေ့နေကြတယ်လို့လည်း သိရပါတယ်။

ဒီဆက်သွယ်ရေးလမ်းဟာ ညောင်ကျိုးဒေသ ကျေးလရွာအုပ်စု ၈ စုအတွက် အရေးပါတဲ့ လမ်းတခုဖြစ်ပြီး လမ်းစတင်ပြိုကျစဉ်ကတည်းက ဒေသခံတွေဟာ ကုန်စည်စီးဆင်းမှုနဲ့ လမ်းပန်းဆက်သွယ် ရေး ခက်ခဲနှောင့်နှေးမှုတွေ ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ အင်္ဂပူဘက်ကို သွားဖို့ခက်ခဲသွားမှာဖြစ်တာကြောင့် မဲဇလီကုန်း – ညောင်ကျိုး လမ်းကိုအသုံးပြုကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးမှုတွေ ပြုလုပ်နေကြပါတယ်။

ဒါကြောင့် အင်္ဂပူ – ညောင်ကျိုးလမ်းပိုင်းရဲ့ လမ်းပြိုကျသွားခဲ့တဲ့ ဂျို့ကုန်းကျေးရွာအနီးလမ်းပိုင်းကနေ အင်္ဂပူဘက်အခြမ်းကိုတော့ ပုံမှန်အတိုင်း သွားလာလို့ရမှာဖြစ်ပြီး တဖက်မှာရှိနေတဲ့ ကျေးရွာတွေက တော့ မဲဇလီကုန်း – ညောင်ကျိုးလမ်းကို အသုံးပြုပြီး ဆက်သွယ်ရမှာဖြစ်ပါတယ်။

“စက်လှေတွေနဲ့လည်းသွားလို့ရတယ်။ ဒါပေမယ့် ခရီးဖင့်တယ်။ ကားလမ်းလိုမျိုး အိမ်အရောက် သယ်၊ ပို့နိုင်တာမျိုးမဟုတ်တော့ ပိုခက်တယ်။ မဲဇလီကုန်းဘက်က ပတ်သွားတော့လည်းကျွန်တော် တို့အတွက်က ခရီးပိုဝေးလွန်းတာပေါ့ဗျာ။ ဒီလမ်းအတွက် ကျွန်တော်တို့ ဘက်ဂျက်တောင်းနေတာကြာပြီ”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တဦးက ဆိုပါတယ်။

ဒီလမ်းပိုင်းဟာ မကြာခဏရေကျော်လေ့ရှိတာကြောင့် ဒေသခံတွေဟာ ကညင်တပင် တံတားသစ် ကနေ လမ်းအူကြောင်း အသစ် ၄မိုင်နဲ့ တဖါလုံကို ဘက်ဂျက်ချပေးဖို့ ဆန္ဒပြုတောင်းဆိုထားကြတာပါ။

ဒါ့အပြင်စစ်ကောင်စီက ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည) တို့ဟာအင်္ဂပူမြို့နယ်အတွင်းမှာ ပါတီအောင်နိုင်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်ပြုနေပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ပူးပေါင်းပြီး ခြုံရှင်းတာ၊ ခြင်ဆေးဖြန်းတာတွေ ပြုလုပ်နေပြီး အခုပျက်ဆီးသွားတဲ့ လမ်းပိုင်းကိုလည်း လာရောက်ကြည့်ရှုခဲ့ပေမယ့် ပြင်ဆင်ပေးဖို့ ကူညီပေးတာတော့ မရှိခဲ့ဘူးလို့သိရပါတယ်။