မှတ်ပုံတင်အပြင်စမတ်ကတ်ပါပြသနိုင်မှပင်လယ်ထွက်ခွင့်ပြုမယ့်ကန့်သတ်ချက်ကြောင့်ကျားဖောင်လုပ်ငန်းပိုအခက်တွေ့နေ


“လူငယ်တွေပြည်ပကိုနေ့စဉ်ထွက်ခွာနေတာကြောင့် အခြားသောလုပ်ငန်းခွင်တွေလိုပဲ လုပ်သားရှားပါးနေတဲ့ ကျားဖောင်လုပ်ငန်းခွင်မှာ စမတ်ကတ်ရှိမှပင်လယ်ပြင်ထွက်ရမယ်ဆိုတဲ့ ကန့်သက်ချက်ကြောင့် လုပ်သားပိုမိုရှားပါးလာတာဖြစ်ပါတယ်။”

၁၃၊သြဂုတ်

ရေလုပ်သားတွေကို မှတ်ပုံတင်နဲ့စမတ်ကတ်နှစ်မျိုးလုံးပြသနိုင်မှ ပယ်လယ်ပြင်ထွက်ခွင့်ပြုမယ်လို့ ငါးလုပ်ငန်းဦးစီးဌာနနဲ့ ခရိုင်အုပ်ချုပ်ရေးဌာနက ကန့် သတ်လိုက်လို့ကျားဖောင်လုပ်ငန်းရှင်တွေအတွက် ရေလုပ်သားရရှိရေး ပိုမိုခက်ခဲသွားတယ်လို့ ဧရာဝ တီတိုင်း ၊ ဖျာပုံမြို့နယ်ကကျားဖောင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ်ကတော့ပင်လယ်ထွက်မယ့်ရေလုပ်သား တွေနဲ့ ပတ်သက်ပြီး ငါးလုပ်ငန်းဦးစီးဌာနက မှတ်ပုံ တင်တခုတည်းကိုသာ ပြသဖို့သက်မှတ်ခဲ့တာပါ။
“ဒီနှစ် (၂၀၂၅) က စမတ်ကတ်ပါပြရမယ်ဆိုတော့ အကုန်လုံးကြန့်ကြာမှုတွေနဲ့ အခက်အခဲတွေ ဖြစ်
ကုန်ရော”လို့ ကျားဖောင်လုပ်ငန်းရှင်က ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကဇီဝ အချက်အလက်တွေကောက်ခံပြီးစမတ်ကတ်လို့ခေါ်တဲ့ Unique Identification Number (UID/e-ID)ကို ထုတ်ပေးနေတာပါ။

ပြည်သူတဦးချင်းစီရဲ့ နိုင်ငံသားအမည်၊ မွေးသက္က ရာဇ်၊ နေရပ်လိပ်စာ၊ လူမျိုး၊ ဆံပင်အရောင်၊ မျက် လုံးအရောင်၊ အရပ်အမောင်း၊မျက်ဝန်း ၊ လက်ဗွေ စတာတွေကို ဒီဂျစ်တယ် နည်းလမ်းနဲ့ မှတ်တမ်းတင်ထားတဲ့စမတ်ကတ်ရှိမှ နိုင်ငံကူးလက်မှတ် ၊ ပြည်ပ အလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC)တွေကို ထုတ်ပေးပြီးတင်းကျပ်ထားတာလည်းဖြစ်ပါတယ်။

ကျားဖောင်လုပ်ငန်းခွင်မှာဆိုရင်တော့ ငါးဖမ်းလိုင် စင်တခုမှာ ကျားဖောင် ၈ ခုပါဝင်ပြီးရေလုပ်သား၂၄ ယောက်နဲ့ ရေယာဉ်လုပ်သား (မော်တော်သား) ၆ ယောက်လုပ်ကိုင်ရပါတယ်။ ဒီလုပ်သားအားလုံးမှာ စမတ်ကတ်တွေရှိမနေတာ ကြောင့် ဖျာပုံမြို့တက် ပြီး စမတ်ကတ်လုပ်ပေးရတယ်လို့ ကျားဖောင်လုပ်ငန်းရှင်ကဆက် ပြောပါတယ်။

“ဖျာပုံမှာ စမတ်ကတ်သွားလုပ်တော့ ၁၀ ယောက်မှာက ၅ ယောက်လောက်ပဲ စမတ်ကတ်ရတယ်။ ကျန် တဲ့လုပ်သားတွေက အချက်အလက်မပြည်စုံတာနဲ့ပဲ စမတ်ကတ်က မရပြန်ဘူး”လို့ သူကဆိုပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနကလည်းလိုင်စင်အရေအတွက်
၊ ကျားဖောင်အရေအတွက်အရ သက်မှတ်လူဦးရေ တိုင်းက မှတ်ပုံတင်နဲ့ စမတ်ကတ်ကိုမပြနိုင်ရင် စီလွန်အော်ဒါလို့ခေါ်ကြတဲ့ပင်လယ်ပြင်ထွက်ခွာခွင့် လက်မှတ်ကို ထုတ်မ ပေးပါဘူး။

စစ်အာဏာရှင်တော်လှန်ရေးစစ်ပွဲဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လူငယ်တွေပြည်ပကိုနေ့စဉ်ထွက်ခွာနေတာကြောင့် အခြားသောလုပ်ငန်းခွင်တွေလိုပဲ ကျားဖောင်လုပ်ငန်းခွင်မှာလည်း လုပ်သားရှားပါး လာခဲ့ပါတယ်။ အဲဒီအခြေအနေမှာစမတ်ကတ်ရှိမှထွက်ရမယ်ဆိုတဲ့ ကန့်သက်ချက်ကြောင့် လုပ်သားက ပိုရှားသွားပြီလို့ ကျားဖောင်လုပ်ငန်းရှင်က ပြောပါတယ်။

ဧရာဝတီငါးဖမ်းလုပ်ငန်းခွင်ဧရိယာထဲမှာ ကျားဖောင်အရေအတွက်ဟာ ၈ ထောင်ဝန်းကျင်မှာရှိနေပြီးတော့ လုပ်သားလိုအပ်ချက်ဟာ နှစ်စဉ် ၂ သောင်း ၄ ထောင်ဝန်းကျင်မှာရှိနေပါတယ်။ ဒီအရေ အတွက်ထဲမှာ သင်္ဘောလုပ်သားတွေမပါဝင်သေးပါဘူး။

စက်တင်ဘာလမှာစတင်ပြီး ဧပြီလမှာ ပြန်လည်သိမ်းဆည်းတဲ့ ကျားဖောင်လုပ်ငန်းခွင်တရာသီအတွက် ကျားဖောင်လုပ်သားတဦးဟာ ၂၇ သိန်းကျပ်ကနေ ကျပ်သိန်း ၃၀ အထိရရှိပါတယ်။ ဒီလုပ် သားတွေဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ့်အနှံ့ကနေ လူပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ပင်လယ်ပြင်ဆီကိုရောက်ရှိလာကြ တာပါ။

အခုနှစ်အတွက် ကျားဖောင်တခုရဲ့ တည်ဆောက် ရေးစရိတ်က ကျပ်သိန်း ၂၅၀ လောက်ရှိပြီးတော့ ပင်လယ်ပြင်ထွက်ခွာဖို့အတွက် လိုင်စင်တစ်ခုရဲ့ အထွေထွေကြေးပေးဆောင်ရတာတွေဟာ ကျပ်သိန်း ၄၀ ဝန်းကျင်မှာရှိနေတာလို့လည်းသိရပါတယ်။