ငါးရှဉ့် ဝယ်လိုအားများနေပေမယ့် ကုန်ချိန် လိုသလောက်မရ

ဧရာဝတီတိုင်းအတွင်းက ငါးရှဉ့်တွေကို ဒေသတွင်း ရောင်းချရုံသာမက မအူပင်၊ ဘိုကလေး၊ ပန်းတနော်၊မော်လမြိုင်ကျွန်းနဲ့ကန်ကြီးထောင့်ရှိ ဈေးကွက် တွေက ရန်ကုန်၊ မန္တလေး ၊မူဆယ်ကတဆင့် တရုတ် နဲ့ ထိုင်းနိုင်ငံအထိ အများဆုံး တင်ပို့ရောင်းချကြပါတယ်။

၁၃၊ဩဂုတ်လ။

ဧရာဝတီတိုင်း အတွင်းရှိ ငါးရှဉ့်ရောင်းဝယ်ရေး ကုန် စည်ဒိုင်တွေက ငါးရှည့်ကို ဈေးကောင်းပေးဝယ်နေကြပေမယ့် ဝယ်ယူရရှိတဲ့ ကုန်ချိန်က ပြီးခဲ့တဲ့ နှစ်ထက် ၅ပုံ ၁ပုံ ကျော်သာရရှိပြီး ကုန်ချိန် ရရှိမှု နည်း ပါးနေပါတယ်။

မေလအတွင်းက ဈေးကွက် ရောင်းတန်းဝင် ၅ စင် တီမီတာလုံးပတ်အထက်ရှိ ငါးရှဉ့်တပိဿကို ကျပ်နှစ်သောင်းအောက်နဲ့ ပေးဝယ်ခဲ့ရာက ဩဂုတ် လဆန်းမှာတော့ ပုသိမ် နဲ့ မြောင်းမြ ဈေးကွက်တွေမှာ တစ်ပိဿ ကျပ်သုံးသောင်းကျော်အထိ တိုးမြင့်ပေးဝယ်ကြပေမယ့် ငါးရှဉ့်ရောင်းဝယ်ဒိုင် တဒိုင်ရဲ့ကုန်ချိန်ရရှိမှုဟာ ပိဿချိန် ၁၀၀ ကျော်ခန့်သာ ရရှိနေတာပါ။

“ပြည်ပနဲ့ ပြည်တွင်းဝယ်လိုအားက များလာတယ်။ ငါးရှည့်ကလည်း ဖမ်းဆီးရမိတာ နည်းလာတယ်။ ကုန်ချိန်အတက်နည်းတာကြောင့် ဒိုင်တွေက အလုအ ယက် ဈေးတိုးပေးပြီး ဝယ်ကြတာပါ။ ပြန်ရောင်းတော့ ဒေသတွင်းဈေးက တပိဿကျပ်လေးသောင်းနဲ့ ပြန်ရောင်းကြတာ” လို့ငါးရှဉ့်ရောင်းဝယ်ဒိုင်လုပ်ငန်းရှင် တဦး က DNA ကိုပြောပါတယ်။

ဆောင်းအကုန် နွေကာလ ချောင်း၊မြောင်း၊အင်း၊အိုင်တွေမှာ ရေခမ်းနေချိန် နွံအိုင်တွေအတွင်းရှိ ငါးရှဉ့်ကို ဘက်ထရီ ရှော့ရိုက်ဖမ်းကြတာကြောင့် မိုးဦးကျမေလသားပေါက်ချိန်မှာ ငါးရှဉ့်သားပေါက် မှု နည်းတာ၊လယ်ကွင်းတွေမှာ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးသုံးစွဲမှု များလာတာ ယခုနှစ် ဇွန်၊ ဇူလိုင် အတွင်း မိုးဆက်တိုက်ရွာပြီးချောင်း၊မြောင်း၊အင်း၊အိုင်၊လယ်ကွင်းတွေမှာ ရေများနေတာတွေကြောင့် ငါးရှဉ့်ဖမ်းဆီးရရှိမှု နည်းနေရတာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ငါးရှဉ့်ဈေးကွက် ခိုင်ခိုင်မာမာ ရှိကြတဲ့ မအူပင်၊မော်လမြိုင်ကျွန်း၊ ဘို ကလေး၊ပန်းတနော် ၊ညောင်တုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း စတဲ့ မြို့တွေရှိ ငါးရှည့်ဈေးကွက် တွေမှာလည်း ဈေးမြင့်ပေးဝယ်ကြပေမယ့် ကုန်ချိန် အရနည်းနေပါတယ်။

“ ဈေးကောင်း ရပေမယ့် ဖမ်းတာများများစားစား မရတော့ အလုပ်မဖြစ်ဘူးပေါ့။ပင်ပန်းတာနဲ့တွက်ချေ မကိုက်ဘူး။ များများဖမ်းမိတာက တော်သလင်းလကုန် သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေဆို ဖမ်း မိတယ်။ အဲ့အချိန်ကျတော့ ကုန်ချိန်များများတက် တော့ ဈေးနိမ့်သွားရော။ စပ်ကူးမတ်ကူးကာလ ဈေးမြင့်နေချိန် ငါးရှဉ့်ကများများမိတဲ့ အချိန်မျိုးဆို အဆင်ပြေတယ်၊ အဲ့အချိန်မျိုးကလည်း ခဏပါ” လို့ ကန်ကြီးထောင့်မြို့နယ်ရှိ ငါးရှဉ့်ဖမ်း လုပ်သားတဦးက ပြောပါ တယ်။

ငါးရှဉ့်ကို ချောင်း၊ မြောင်း ၊အင်း၊ အိုင် ၊လယ်ကွင်းတွေမှာ ဖမ်းဆီးပြီး ဒိုင်ပြန်သွင်းကြသူအချို့ အဆင် မပြေပေမယ့် ငါးရှည့်သားပေါက်တွေကိုဖမ်းပြီး မွေးမြူရောင်းချကြတဲ့ လုပ်ငန်းကို အများဆုံး လုပ် ကိုင်ကြတဲ့ မအူပင်မြို့နယ်အတွင်းက ငါးရှဉ့်မွေးမြူ ရောင်းချသူတွေကတော့ အဆင်ပြေကြပါတယ်။

ဧရာဝတီတိုင်း အတွင်းက ငါးရှဉ့်တွေကို ဒေသတွင်း ရောင်းချရုံသာမက မအူပင်၊ ဘိုကလေး၊ ပန်းတနော် ၊မော်လမြိုင်ကျွန်းနဲ့ ကန်ကြီးထောင့်ရှိ ဈေးကွက် တွေက ရန်ကုန်၊ မန္တလေး ၊မူဆယ်ကတဆင့် တရုတ် နဲ့ ထိုင်းနိုင်ငံအထိ အများဆုံးတင်ပို့ရောင်းချကြပါတယ်။

စားသုံးသူရေးရာ ဦးစီးဌာနရဲ့ ၂၀၂၃ ခုနှစ်မှတ်တမ်း တွေအရ ငါးရှည့်ဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို တင် ပို့တဲ့ ပြည်ပပို့ကုန် စာရင်းမှာ ထိပ်တန်းက ပါဝင်နေပြီး ငါးရှဉ့်တင်ပို့မှုဟာ ကိန်းဂဏန်း အနေနဲ့ ၂၆ ဒသမ ၉၆ တန် ဖြစ်ပါတယ်။