ခေတ်အဆက်ဆက် မြန်မာနိုင်ငံကို အုပ်ချုပ်သူတွေဟာ ကရင့်အာဇာနည်နေ့လို့ တရားဝင် ကျင်းပနိုင်ဖို့ အတွက် ခွင့်မပြုခဲ့ကြပါဘူး။
၁၂၊ ဩဂုတ်လ။
“ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် အစိုးရတွေဟာ ကရင့်အာဇာနည်နေ့အပါအဝင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ အာဇာနည်နေ့တွေကို ကြောက်ရွံ့ကြပါတယ် ” လို့ မြန်မာနိုင်ငံအတွင်းကနေ တော်လှန် ရေးတာဝန်တွေ ထမ်းဆောင်နေတဲ့ ကရင်နွယ်ဖွားတဦးက ပြောပါတယ်။
ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့ဟာ ၇၅ နှစ်မြောက် ကရင့်အာဇာနည်နေ့ ဖြစ်ပါတယ်။ကရင့်တော်လှန်
ရေးကို စတင်နိုင်ဖို့ ဦးဆောင်ခဲ့သူ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ၊ ဧရာဝတီတိုင်းသား ကရင်နွယ်ဖွား စောဘဦးကြီး အပါအဝင် ကရင်လူမျိုးစုခေါင်းဆောင်တွေ လုပ်ကြံခံ ကျဆုံးခဲ့ရတဲ့ ၁၉၅၀ ဩဂုတ်လ ၁၂ ရက်ကို ဂုဏ်ပြုအမှတ်ရသောအားဖြင့် ကရင့်အာဇာနည်နေ့လို့ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကရင့်တော်လှန်ရေးဟာ မြန်မာ့လွတ် လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတဲ့နောက် ကရင်လူမျိုးစုရဲ့ တန်းတူရပိုင်ခွင့်နဲ့ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်အတွက် တော်လှန်လာခဲ့တာဟာ ၇၇ နှစ်ပြည့်မြောက်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။
ကရင်ပြည်ချက်ချင်းပေး၊ ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ၊ လူမျိုးရေး အဓိကရုဏ်း အလိုမရှိ၊ ပြည်တွင်းစစ်အလိုမရှိ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ၁၉၄၈ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စတင်ခဲ့ပြီး ကရင်လူထု ၄ သိန်းကျော်ရဲ့ ဒီတောင်းဆိုချက်နဲ့ တွန်းအားဟာ အခုချိန်ထိ အားကောင်းနေဆဲပါ။
ဒီတွန်းအားနဲ့ ဒီတောင်းဆိုချက်တွေ မပပျောက်သွားဖို့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားကြတဲ့ ကရင် လူမျိုးစုတွေဟာ ကရင့်တော်လှန်ရေးနေ့နဲ့ ကရင့် အာဇာနည်နေ့ကို ဘယ်လိုအခြေအနေမှာမဆို လုပ် ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ဒါပေမယ့် ခေတ်အဆက်ဆက် မြန်မာနိုင်ငံကို အုပ် ချုပ်သူတွေဟာ ကရင့်အာဇာနည်နေ့လို့ တရားဝင် ကျင်းပနိုင်ဖို့ အတွက် ခွင့်မပြုခဲ့ကြပါဘူး။
“ ကျွန်တော်တို့ NLD လက်ထက်တုန်းက ဧရာဝတီ တိုင်းထဲမှာ လုပ်ဖို့ စာတင်တာ ဆွေးနွေးတာတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် အာဇာနည်ဆိုတဲ့ စကားလုံးပေါ်မှာ ဒါကြောင့် သူတို့ခွင့်ပြုမိန့်ပေးလို့မရဘူးပေါ့။ ၂၀၁၈ တုန်းကဆိုရင် ဟင်္သာတမှာ မန်းကျော်ကြီးတို့ အဖမ်းခံရတယ်။ ကိုယ့်အခွင့်အရေးပဲဆိုပြီး လုပ်ခဲ့တာတွေပဲရှိတာ အာဏာပိုင်တွေ ခွင့်ပြုလို့လုပ်ခဲ့ရတယ်ဆိုတာ မရှိဘူး ” လို့ ကရင်လူငယ်တဦးဖြစ်သူ စထီးထားက ပြောပါတယ်။
ဒါဟာဘာကြောင့်ဖြစ်နိုင်လဲလို့ ဆောင်းပါးအတွက် ဆက်သွယ်မေးမြန်းခဲ့တဲ့ ကရင်လူငယ်တွေကို DNA က မေးခွန်းထုတ်ရာမှာတော့ “ မဟာလူမျိုးကြီးဝါဒကို အခြေခံထားတဲ့ စစ်အာဏာရှင်ကပေးထားတဲ့ နိုင်ငံရေးဘောင်ထဲမှာရှိနေတာကြောင့် ဖြစ်နိုင်ပါတယ် ” လို့ ဆိုကြပါတယ်။
နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသမီးတဦးဖြစ်သူ ယားယား (နာမည်ပြောင်)ရဲ့ အမြင်ကတော့ ထူးခြားပါတယ်။
“ သူတို့က (အစိုးရအဆက်ဆက်) ကရင်တွေကို သူပုန်တွေလို့ပဲ သတ်မှတ်ခဲ့တာကိုး။ ဒါကြောင့် ကရင်မှာ အာဇာနည်ဆိုတာရှိရင် ဒါဟာ သူတို့ကိုတော်လှန်ခဲ့တဲ့သူတွေကို သူတို့က ဂုဏ်ပြုရမလိုဖြစ် နေတာကြောင့် ဖြစ်မှာပေါ့ ” လို့ သူ့အမြင်ကို ပြောပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာတော့ ကရင်ပြည်နယ် နဲ့ ကရင်လူထုဟာ တော်လှန်ရေးအတွက် အများကြီး အထောက်အပံ့ပြုခဲ့တယ်။ ခေတ်အဆက်
ဆက် တော်လှန်ရေးသမားတွေကိုလည်း ကူညီထောက်ပံ့ ခဲ့တယ်ဆိုတာကို ငြင်းလို့မရပါဘူး။
နွေဦးတော်လှန်ရေးရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကိုသွားမယ်ဆိုရင် ဒီအမြင်တွေ၊ ဒီအယူအဆတွေဟာ ပြဿနာဖြစ်လာနိုင်ပါသလား။
“ ကျွန်တော်တို့က အခုဆို အားလုံးတူညီတဲ့ပန်းတိုင်တွေဖြစ်နေကြပြီ။ အရင်အစိုးရတွေ ဘာလုပ်ခဲ့တယ်၊ဘာတွေးခဲ့တယ် ဆိုတာတွေကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုကို တည်ဆောက်ရမယ်။ ဧရာဝတီတိုင်းလို့ ပြောတဲ့အခါမှာ ကရင်တို့၊ ရခိုင်တို့ မဟုတ်တဲ့သူတွေက ကရင်တွေ၊ ရခိုင်တွေကို သူပုန်ကောင်၊ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ကောင်တွေလို့ မြင်နေတာကို ပြင်ရမှာဖြစ်သလို၊ တဖက်ကနေလည်း(ကရင်၊ရခိုင်) သူတို့က(ကျန်လူတွေက) မဟာလူမျိုးကြီး ဝါဒသမားတွေဆိုတဲ့ စွပ်စွဲချက်တွေ အမြင်တွေကို လျော့ချဖို့လိုတယ်။ အခုကျွန်တော့်တဦးတည်းရဲ့ အမြင်ကတော့ ကျွန်တော်တို့ဟာ ရဲဘော်ရဲဘက် တွေပဲ ဖြစ်တယ်ဆိုတာပါပဲ ” လို့ အမည်မဖော်လိုတဲ့ ဧရာဝတီတိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်တဦးက ဆိုပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရကတော့ နွေဦးတော်လှန်ရေးကာလ ၄ နှစ်ကျော်အတွင်းမှာ ကရင့်အာဇာနည်နေ့အတွက် ၂၀၂၄ ခုနှစ်က တကြိမ် သဝဏ်လွှာပေးပို့ဖူးပါတယ်။
ဒါပေမယ့် မဲဆောက်မြို့မှာ ကရင့်အာဇာနည်နေ့ ကျင်းပခဲ့ကြတဲ့ ကရင်လူငယ်တွေကတော့ ဒါဟာ ပြဿနာမဟုတ်ဘဲ ကရင်လူမျိုးစုဟာ အဖွဲ့တွေကွဲနေမယ်၊ ခေါင်းဆောင်မှုတွေကွဲနေမယ်ဆိုရင်တောင် မှ စောဘဦးကြီး ချမှတ်ခဲ့တဲ့ မူလေးချက်ကို အခုတိုင် စွဲကိုင်ထားကြဆဲ ဖြစ်တယ်ဆိုတာကိုတော့ တော်လှန်ရေး အင်အားစု အသီးသီးကို သိစေချင်တယ်လို့ ဆိုကြပါတယ်။
လက်နက်ချစကား အလျဉ်းမပြောရ။ ကရင့်လက် နက် ကရင့်လက်ထဲတွင် ရှိရမည်။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ဆိုတဲ့ စောဘဦးကြီးရဲ့ နိုင်ငံ ရေးလမ်းညွှန်ချက်၊ မူဝါဒ ၄ ချက်ဟာ ယခုအချိန်ထိ ကရင်လူထုစွဲကိုင်ထားတဲ့ မူဝါဒတွေဖြစ်တယ်လို့ သူတို့က ယုံကြည်ထားကြပါတယ်။
“ ကရင်လူမျိုးစုတွေအနေနဲ့ နိုင်ငံရေးအပေါ်မှာ မြင် တဲ့အမြင် ကရင့်နိုင်ငံရေး နိုင်ငံတော်ပေါ်မှာ သွားချင်တဲ့ အမြင်က လမ်းစဉ်က ရှင်းလင်းပြီးသားဖြစ်တယ်လို့ ကျွန်မအနေနဲ့ ထင်တယ် ” လို့ ကရင့် အာဇာနည်နေ့ ကျင်းပရေးကော်မတီဝင်(မဲဆောက်) တဦးဖြစ်သူ နန့်မေက ပြောပါတယ်။
အာဇာနည် ဆိုတဲ့ စကားလုံးကို မြန်မာအဘိဓာန်မှာ အကြောင်းဟုတ်မဟုတ်ကို ကောင်းစွာသိသောသူ၊
သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာ လွန်၍ သက်စွန့်ကြိုးပမ်းဆောင်ရွက်သူလို့ အဓိပ္ပါ ယ်ဖွင့်ဆိုထားပါတယ်။
နိုင်ငံနဲ့ လူမျိုးအတွက် မိမိအသက်ကို ပဓာနမထားဘဲ အများအကျိုးကို တန်ဖိုးရှိရှိ စွန့်လွှတ်စွန့်စား အနစ်နာခံ ဆောင်ရွက်နိုင်သူ၊ နိုင်ငံ့အကျိုးအတွက် အမှားအမှန်၊ အကောင်း အဆိုး ချင့်ချိန်ပြီး ကြောက် ရွံ့ခြင်းအလျဉ်းမရှိ ဆောင်ရွက်နိုင်သူ၊ မိမိကိုယ် ကျိုးထက် နိုင်ငံ့အကျိုးကို ပို၍ဦးစားပေးဆောင် ရွက်တတ်သူဖြစ်တယ်လို့ အကျယ်တဝင့် ဖွင့်ဆိုမှုတွေလည်း ရှိပါတယ်။
ကရင်ပြည် ချက်ချင်းပေး၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်၊ ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် ဆိုတဲ့ မူဝါဒ တောင်းဆိုချက်တွေဟာ လွတ်လပ်ရေးခေတ်ဦးကတည်းက ရှိလာခဲ့တဲ့ ကရင်လူထုရဲ့ ဆန္ဒတွေဖြစ်ပါတယ်။
ဒီဆန္ဒတွေအတွက် တိုက်ပွဲဝင် တော်လှန်ခဲ့ကြတဲ့သူတွေဟာ ကရင်ပြည်သူလူထုအတွက် အာဇာနည်မည်တယ်လို့ ကရင့်နိုင်ငံရေးတက်ကြွသူ လူငယ် တွေကတော့ နှစ်နှစ်ကာကာ ယုံကြည်ထားကြပါတယ်။
“ ကျွန်မတို့က ဒီအာဇာနည်နေ့ကနေ ပြန်ပြီး အားယူပြီး စုဆုံကြရတယ်။ အခု ၇၅ နှစ်တိုင်တိုင် ကျွန်မတို့ အာဇာနည်တွေ ဘယ်လောက်ထိ ကျပြီးခဲ့ပြီလဲ။ ကရင့်တော်လှန်ရေးကို ဘယ်လောက်ထိလုပ်ခဲ့ကြ ပြီးပြီလဲဆိုတာ ပြန်ကြည့်တဲ့နေ့ဖြစ်တယ်။ ကျွန်မတို့ရဲ့ မူဝါဒတွေကို မမှိတ်မသုန် စွဲကိုင်ပြီး ဆက်သွားကြဖို့ပါပဲ ” လို့ နန့်မေ က ဆိုပါတယ်။