
“ရတဲ့ပိုက်ဆံကို ပြည်သူ့စစ်တွေအတွက် ကျည်ကာနဲ့ ရိက္ခာဝယ်ပေးဖို့ အတွက်တဲ့ ။ ရွာမှာက စစ်မှုထမ်းကြေးဆိုလည်း ပေးနေရသေးတယ်။အခုက လူတကာက ကျပ်တည်းနေကြတာ ဘယ်လိုပေးနိုင်ပါ့မလဲ”လို့ ကိုင်းစိုက်တောင်သူတဦးက သူတို့အခြေနေကို ပြောပြပါတယ်။
၁၁၊ဩဂုတ်လ။
ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်ထဲက ယင်းဆယ်ရွာမှာ ကိုင်းစိုက်တောင်သူတွေဟာ ဒီနှစ်ရာသီ ကိုင်းစိုက်နိုင်ဖို့အတွက် ဌာနေပြည်သူ့စစ်အဖွဲ့ကို တဧက သုံးသိန်းပေးရမယ်လို့ အုတ်ချုပ်ရေးမှူးက ဩဂုတ်လ ၆ ရက်နေ့ ယင်းဆယ်ဘုန်းကြီးကျောင်းမှာ အစည်းအဝေးခေါ်ပြီး ပြောခဲ့ပါတယ်။
“လုံခြုံရေးအတွက် စိတ်မပူနဲ့ပေါ့ သူတို့တာဝန်ယူပေးမယ်။ တဧက သုံးသောင်း၊ ဆယ်ဧက ရှိတဲ့သူ သုံးသိန်း နည်းမှမနည်းတာကို”လို့ ရွာခံတဦးက DNA ကိုပြောပါတယ်။

ယင်းဆယ်ကျေးရွာအုပ်စုဟာ ငဝန်မြစ်နဲ့ ပုသိမ်-မုံရွာ ကားလမ်းအကြား ဧရိယာမှာ ရှိနေပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ စက်စက်ယို၊ပန်းတောကြီး စတဲ့ကျေးရွာတွေနဲ့ မနီးမဝေးမှာ ရှိနေတဲ့အတွက် ရွာခံကိုင်းသမားတွေဟာ ဒီရာသီကိုင်းစိုက်နိုင်ဖို့ စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ အဲဒီလို အခြေအနေကို အခွင့်ကောင်းယူပြီး ယင်းဆယ်အုပ်ချုပ်ရေးမှူး ကိုသန်းဇော် နဲ့ စာရေး ကိုမျိုးမင်းတို့က အခုလို ရွာသားတွေကို အစည်းအဝေးခေါ်ပြီး ကိုင်းစိုက်တောင်သူတွေရဲ့ လုံခြုံရေးအတွက် သူတို့တာဝန်ယူပေးမယ့် အကြောင်းနဲ့ အဒီအတွက် တဧက သုံးသောင်းပေးဖို့ ခေါ်ပြောခဲ့တာပါ။
“ရတဲ့ပိုက်ဆံကို ပြည်သူ့စစ်တွေအတွက် ကျည်ကာနဲ့ ရိက္ခာဝယ်ပေးဖို့ အတွက်တဲ့ ။ ရွာမှာက စစ်မှုထမ်းကြေးဆိုလည်း ပေးနေရသေးတယ်။အခုက လူတကာက ကျပ်တည်းနေကြတာ ဘယ်လိုပေးနိုင်ပါ့မလဲ”လို့ ကိုင်းစိုက်တောင်သူတဦးက သူတို့အခြေနေကို ပြောပြပါတယ်။

ယင်းဆယ်ရွာမှာ ဌာနေပြည်သူ့စစ်အင်အားက ၅၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ လက်တလောအချိန်မှာ ဒေသတွင်းမှာ စစ်တပ်ဘက်က လုံခြုံရေး ကွက်ပြည့်နင်းနိုင်တဲ့ အခြေအနေမရှိပဲ ယင်းဆယ်ရွာနားမှာရှိနေတဲ့ လှော်ကထကျေးရွာအထိတောင် အပြည့်အဝ အုပ်ချုပ်နိုင်တဲ့ အခြေအနေ မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။အဲဒါကြောင့် ဒီရာသီ ၁၀ လပိုင်းလောက်မှာ စပြီးစိုက်ပျိုးရမယ့် ကိုင်းသမားတွေဟာ ဒီနှစ်အတွက် ကိုင်းစိုက်ဖို့ သင့်တယ်မသင့်ဘူး အရိပ်အခြေကြည့်နေကြရတာ ဖြစ်ပါတယ်။
“ဆယ်လပိုင်းလောက်ဆိုရင်တော့ ရေလိုက်ကြဲရပြီ။ထွန်ကိုင်းတွေကတော့ ဆယ့်တလပိုင်း နောက်ဆုံးပေါ့။ ကိုင်းကလည်း စိုက်ချင်တယ်။ ပိုက်ဆံကို မထဲ့ချင်ကြတာထက် အဆင်ကိုမပြေကြတာ”လို့ ကိုင်းစိုက်တောင်သူတဦးက ဆိုပါတယ်။
ဒီဒေသဟာ ငဝန်မြစ်ရေကျချိန် နှုန်းတင်မြေနုပေါ်မှာ ကိုင်းစိုက်ပျိုးကြတာဖြစ်ပြီး အများအားဖြင့် မတ်ပဲ၊ပဲယင်း၊ စားတော်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုတ် စတဲ့ပဲမျိုးတွေကို စိုက်ပျိုးကြတာဖြစ်ပြီး အထွက်ကောင်းတဲ့ ဒေသတခု ဖြစ်ပါတယ်။

“နဂိုက ကိုင်းသမားလယ်သမားတွေက ကိုင်းရှိရင် ငွေတိုးယူလို့ရကြတယ်။ အခုက နိုင်ငံရေးအခြေအနေ မကောင်းတော့ အတိုးပေးစားကြသူတွေကလည်း မပေးရဲကြတော့ဘူး”လို့ သူတို့ဒေသရဲ့ လက်တလော စီးပွားရေး အခြေအနေကို ဒေသခံတဦးက ရှင်းပြပါတယ်။