ချည်ဖြူဖွဲ့တယ်၊ လက်ချည်တယ် ဆိုတာဘာလဲ

“ကျွန်တော်တို့က လက်ချည်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ ကရင်အမျိုးသားရေးကို မြှင့်တင်တာ။ လူမျိုးစုရဲ့ ဂုဏ်သိက္ခာ ယဉ်ကျေးမှု၊ စောင့်ထိန်းရမယ့် တာဝန်တွေကို မြှင့်တင်တာဖြစ်တယ်။ လက်မှာ ကြိုးချည်ထားတာက ဘာထူးဆန်းလို့လည်း ဒါပေမယ့် အနှစ်သာရကတော့ အများကြီး အများကြီး ရှိပါတယ် ” လို့ ဧရာဝတီတိုင်းမှာ နေထိုင်တဲ့ ကရင်လူငယ် အမျိုးသမီးတဦးက ဆိုပါတယ်။

၁၀၊ ဩဂုတ်လ။

မြန်မာနိုင်ငံမှာ ကရင်ဆိုတာဟာ ထူးခြားတဲ့ ဝိသေ သတွေအများကြီးနဲ့ ထင်ရှားတဲ့ လူမျိုးစု တခုဖြစ်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသတလျှောက်မှာ ကရင်တွေမရှိတဲ့ တိုင်း၊ မြို့နယ်ရယ်လို့ မရှိတဲ့အထိ ကရင်လူမျိုးစုဟာ ပြန့်နှံ့နေထိုင်ကြပါတယ်။ ဒီလိုပြန့်နှံ့နေထိုင်ကြတဲ့အလျှောက် သူတို့ရဲ့ ရိုးရာယဉ် ကျေးမှု အမွေတွေဟာလည်း ပြန့်နှံ့လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆင်နွှဲလာကြတဲ့ ရိုးရာပွဲတော်တခုကတော့ ချည်ဖြူဖွဲ့ မင်္ဂလာလို့ခေါ်တဲ့ လက်ချည်ပွဲပဲဖြစ်ပါတယ်။ ကရင်လူမျိုးစုတွေ အတွက်တော့ လက်ချည်တယ်ဆိုတာဟာ ရှေးယခ င်ကတည်းက အဓိပ္ပါယ်မျိုးစုံနဲ့ အမြတ်တနိုး တန်ဖိုးထား လေးစားစွာ လုပ်ဆောင်ကြတဲ့ ဓလေ့တခု ဖြစ်ပါတယ်။

လက်ချည်ပွဲတွေကို မြန်မာသက္ကရာဇ်နှစ်ရဲ့ ဝါခေါင် လထဲမှာ ကျင်းပကြပြီး လက်ချည်ပွဲကျင်းပကြတဲ့ ကရင်လူမျိုးစုတွေဟာ အဓိကအားဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူတွေဖြစ်ကြပြီး ခရစ္စယာန်ဘာသာ ကိုးကွယ်ကြတဲ့ ကရင်တချို့လည်း ဒီရိုးရာကို ပါဝင် ထိန်းသိမ်းကြသူတွေ ရှိပါတယ်။

“ ချည်ဖြူဖွဲ့တယ်ဆိုတာက ဘယ်လိုအခြေအနေလည်းဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ အဓိပ္ပါယ်ကွဲတယ်။ အခု ဒီလထဲမှာ ပွဲတွေကျင်းပပြီး လက်ချည်ကြတယ်ဆိုတာကကျ ဒီနှစ်ထဲမှာ ကျန်းမာကြဖို့၊ စီးပွားရေးကောင်းကြဖို့၊ မိသားစုတွေ စုစည်းညီညွတ်ကြဖို့ စတာတွေကို တောင်းဆုပြုတဲ့ သဘောပေါ့ ” လို့ မဲဆောက်မှာ နေထိုင်နေတဲ့ ကရင်အဘွားအို ဒေါ်အေး က ရှင်းပြပါတယ်။

ရိုးရာအရ လက်ချည်ခြင်းဟာ (၉) မျိုးရှိပါတယ်။ (၁) လိပ်ပြာခေါ်ရန်( ဖျားနာကြတဲ့အခါ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့အတွက် လိပ်ပြာခေါ်ဖို့ ချည်တာ)။ (၂) လိပ်ပြာခွဲရန် ( မိသားစုဝင် တဦးဦး ဆုံးပါးသွားတဲ့အခါ ကျန်ရစ်ခဲ့သူတွေကိုပါ ခေါ် ဆောင်သွားခြင်း မပြုနိုင်ဖို့ ချည်တာ)။ (၃) နတ်စားရန် (ရိုးရာနတ် ပူဇော်ပွဲများ ပြုလုပ်ပြီးချိန်တွင် တစုံတခု မှားယွင်းမှုကြောင့် နတ်ကိုင်ခြင်း မခံရဖို့ ချည် တာ)။ (၄) ကိုယ်ဝန်ဆောင် မိခင်တွေ စိတ်အားငယ် လန့်ဖြန့်မှု မဖြစ်စေရန်။ (၅) မွေးကင်းစ ကလေးငယ်များ ကျန်းမာစေရန်။ (၆) ချစ်သူ၊ အိမ်ထောင်ဖက်တို့ ခွဲခွာခါနီး သစ္စာပြုရန် (မဖောက်ပြားဖို့၊ ပြန်လည်ဆုံတွေ့ကြဖို့ ကတိသစ္စာထားဖို့ ချည်တာ)။ (၇) ရုတ်တရက်လန့်ဖြန့် သွားခြင်းကြောင့် စိတ်နဲ့ကိုယ် မကပ်ခြင်းအတွက် လိပ်ပြာခေါ်ရန်။ (၈) ထိမ်းမြားမင်္ဂလာပြုရာတွင် သစ္စာပြုရန်၊ မိဘဘိုးဘွားများမှ ဆုတောင်းမင်္ဂလာပြုရန်။ (၉) ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ တို့ဖြစ်ပါတယ်။

ဒီလို ချည်ဖြူဖွဲ့တာ၊ လက်ချည်တာတွေကို အများအားဖြင့် သက်ကြီးရွယ်အိုတွေနဲ့ မိမိတို့ဒေသမှာရှိတဲ့ လေးစားရတဲ့ လူကြီးသူမတွေက ပြုလုပ်ပေးလေ့ရှိကြပါတယ်။

ချည်ဖြူဖွဲ့ပွဲကို ဝါခေါင်လမှာ ပြုလုပ်ရတာကတော့ ဝါခေါင်လဟာ မိုးကြီးလေကြီးကာလဖြစ်သလို ရောဂါဘယ ပေါများတဲ့တဲ့ကာလ၊ အဆိပ်ရှိသတ္တဝါတွေ ပျော်မြူးတဲ့ကာလဖြစ်တာမို့ ဒီကာလမှာ ကျန်း မာဘေးကင်းကြဖို့ ရည်ရွယ်ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ကရင်လူမျိုးစုရဲ့ သမိုင်းမှာ ဒီရိုးရာဟာ နှစ်ပေါင်း ထောင်နဲ့ချီ ရှိနေခဲ့တာဖြစ်တယ်လို့ ဒဏ္ဏာရီလာ လက်ဆင့်ကမ်း မှတ်တမ်းတွေ ရှိပါတယ်။

လက်ချည်ရခြင်းမှာ အကြောင်းရင်း အမျိုးမျိုးရှိနိုင်ပေမယ့် တခုတည်းသော ဘုံတူညီချက်ကတော့ လက်ချည်ထားတယ်ဆိုရင် ဒါဟာ ကရင်လူမျိုးပဲ ဆိုတဲ့ အမှန်တရားနဲ့ တမျိုးသားတည်းဆိုတဲ့ ခံစားချက် စိတ်ဓာတ်ကို ရရှိစေတယ်ဆိုတာပါပဲ။

“ ကရင်တွေက လျှောက်သွားနေတာ ဘယ်နေရာမှာမဆိုလည်း ရှင်သန်နိုင်တယ်။ ဒီတော့ လက်မှာချည် ဖြူဖွဲ့ထားတာ လက်ချည်ထားတာကို မြင်လိုက်တာနဲ့ ဒါငါတို့အမျိုးပဲဆိုတာကို တန်းသိနိုင်တာပေါ့။ အခုခေတ် ကလေးတွေက ဒါကို မချည်ထားချင်ကြဘူး။ ဒါပေမယ့် ဒါဟာ ရိုးရာဓလေ့တခုထက်ပိုတဲ့ အဓိပ္ပါယ်တွေရှိပါတယ် ” လို့ ဒေါ်အေးက ဆိုပါတယ်။

ဒီလိုအဓိပ္ပါယ်တွေနဲ့ လက်ချည်ရခြင်းဓလေ့ကို ပျော်ပွဲရွှင်ပွဲတခုအနေနဲ့ မကုန်ဆုံးလိုက်ကြဖို့ မဲဆောက်မှာ ပြုလုပ်တဲ့ ချည်ဖြူဖွဲ့အခမ်းအနားတွေမှာ ကရင်လူမျိုးစု သက်ကြီးရွယ်အိုတွေက ဆုံးမလေ့ရှိပါတယ်။

“ ချည်ဖြူဖွဲ့တယ် ခေါ်ခေါ် လက်ချည်တယ်ခေါ်ခေါ် ဒီလိုချည်တဲ့အခါမှာ ဒီတိုင်းပြန့်ကျဲနေတဲ့ ချည်ဖြူတွေကို ဒီတိုင်းချည်ပေးလိုက်လို့ ရတာမျိုး မဟုတ်ဘူး။ ချည်တွေကို လုံးသွားအောင် လိပ်ရတယ်။ တစုတစည်းတည်းဖြစ်သွားအောင် ကျစ်ရတယ်။ ဒါဟာ ဒီတိုင်း အပျော်လုပ်တာမျိုး မဟုတ်ဘူး။ ကရင်တွေဟာ ဘယ်နေရာရောက်နေ ရောက်နေ ကရင်တွေပဲ ဖြစ်တယ်ဆိုတာကို မမေ့ဖို့။ ချည်တွေဟာ အလွယ်တကူဖြတ်တောက်လို့ရတဲ့ ကြိုးဖြစ်ပေမယ့် စုစည်းပြီး ကျစ်လိုက်တဲ့အခါ အလွယ်တကူဖြတ်မရတဲ့ ကြိုးဖြစ်သွားတယ်ဆိုတာကို မမေ့ဖို့။ ဘယ်နေရာရောက်ရောက် စည်းလုံးဖို့၊ ဖေးမဖို့၊ လက်တွဲထားဖို့ စတဲ့အဓိပ္ပါယ်တွေ အများကြီးကို မေ့မသွားကြဖို့လိုပါတယ် ” လို့ မဲဆောက်မြို့၊ တောရဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ လက်ချည်ပွဲမှာ ကရင်လူကြီး တဦးက ကရင်လိုရော မြန်မာလို့ ပါ ပြောကြားခဲ့ပါတယ်။

ချည်ဖြူဖွဲ့ရာမှာ ပုံမှန်အားဖြင့် အဖြူရောင်ချည်တွေကို လူကြီးသူမတွေက လက်ချည်မယ့်သူရဲ့ လက်ဖျံပေါ်မှာ လိပ်၊ လိပ် ကျစ်ပြီး ချည်ပေးလိုက်လို့ ရသလို တိတိကျကျ အခမ်းအနားနဲ့ ပြုလုပ်မယ်ဆိုရင်တော့ ပစ္စည်း ၇ မျိုးကို ပြင်ဆင်ထားဖို့လိုပါတယ်။

အဲ့ဒီ ပစ္စည်း ၇ မျိုးကတော့ (၁) ငှက်ပျောသီး၊ (၂) ကောက်ညှင်းထုပ်၊ (၃) ထမင်းဆုပ်၊ (၄) နတ်ပန်းညို၊ (၅) ချည်ဖြူ၊ (၆) ရေ၊ (၇) ကြံပိုင်း တို့ ဖြစ်ပါတယ်။

ငှက်ပျောသီးဆိုတာဟာ တောတောင်ရေမြေ သဘာဝမှာ အလွယ်တကူ ရရှိနိုင်ပြီး အဟာရရှိတဲ့ သစ်သီးဖြစ်တာရယ်၊ အခိုင်လိုက် အဖီးလိုက်တည်ရှိတဲ့ သဘာဝရှိတာကြောင့် စုစုစည်းစည်းဆိုတဲ့ အဓိပ္ပါ ယ်ကို ဆောင်တယ်လို့ ဆိုပါတယ်။

ကောက်ညှင်းထုတ်၊ ထမင်းဆုပ်နဲ့ ရေကတော့ အသက်ရှင် ရပ်တည်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်တဲ့ ပစ္စည်းတွေဖြစ်ပြီး ခရီးသွားလေ့ရှိကြတဲ့ ကရင်လူမျိုးစုတွေအတွက် မမေ့လျော့အပ်တဲ့ အရာတွေဖြစ်တယ်လို့ ဆိုပါတယ်။ အခြားသော အဓိပ္ပါယ်ဖွင့်ဟချက်တွေလည်း ရှိပါသေးတယ်။

နတ်ပန်းညိုရွက်ကို ထည့်ရခြင်းကတော့ ခရမ်း ရောင်၊ အဖြူရောင် ပန်းပွင့်လေးတွေ ပွင့်တတ်တဲ့ နတ်ပန်းညိုပင်ဟာ ဘယ်လိုရေမြေ သဘာဝမှာ မဆိုပေါက်ရောက်ရှင်သန်နိုင်ပြီး အမြစ်ရှိနေသရွေ့ ပြန်လည်ရှင်သန်လာနိုင်တဲ့ သဘောရှိတာကြောင့် ဒီအဓိပွါယ်ကို ဆောင်ယူထားတာ ဖြစ်ပါတယ်။

ချည်ဖြူကတော့ ဖြူစင်သန့်ရှင်းခြင်းနဲ့ စည်းလုံးခြင်းသဘောကို ပြသဖို့ဖြစ်ပြီး ကြံပိုင်းကတော့ အဆစ်တိုင်းကနေ အပင်ပြန်ဖြစ်လာနိုင်တဲ့ ဂုဏ်သ တ္တိကို အထူးပြု ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။

“ ကျွန်တော်တို့က လက်ချည်တယ်ဆိုတာ ကျွန် တော်တို့ရဲ့ကရင်အမျိုးသားရေးကို မြှင့်တင်တာ။ လူမျိုးစုရဲ့ ဂုဏ်သိက္ခာ ယဉ်ကျေးမှု၊ စောင့်ထိန်းရမယ့် တာဝန်တွေကို မြှင့်တင်တာဖြစ်တယ်။ လက်မှာ ကြိုးချည်ထားတာက ဘာထူးဆန်းလို့လည်း ဒါပေမယ့် အနှစ်သာရကတော့ အများကြီး အများကြီး ရှိပါတယ် ” လို့ ဧရာဝတီတိုင်းမှာ နေထိုင်တဲ့ ကရင်လူငယ် အမျိုးသမီးတဦးက ဆိုပါတယ်။

ဧရာဝတီတိုင်းဟာ ကရင်လူမျိုး ၁ သန်းနီးပါးခန့် နေထိုင်ကြတဲ့ ဒေသတခုဖြစ်ပါတယ်။ ဒီချည်ဖြူဖွဲ့ ပွဲတွေကို ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတွေမှာ အဓိက ပြုလုပ်ကြပေမယ့် ဧရာဝတီတိုင်းမှာတော့ ပြုလုပ်မှု နည်းပါးလှပါတယ်။

ဒါပေမယ့် ကရင်ရိုးရာ နတ်ပူဇော်ပွဲတွေ၊ ကိုယ်ဝန် ဆောင်သည်တွေ၊ မွေးကင်းစ ကလေးငယ်တွေ၊ လိပ်ပြာခေါ်ဖို့၊ လိပ်ပြခွဲဖို့ စတဲ့ ရိုးရာဓလေ့တွေမှာတော့ လက်ချည်ခြင်း အမှုကို တွင်တွင်ကျယ်ကျယ် ပြုလုပ်နေကြဆဲဖြစ်ပါတယ်။ ဒါကြောင့်လက်မှာ ချည်ကြိုးချည်ထားတယ်ဆိုရင် ဒါဟာ ကရင်၊ ဒါမှမဟုတ် ကရင်လူမျိုးတွေနဲ့ ဆက်စပ်နေတဲ့ ဒေသက လူတွေဖြစ်နိုင်ပါတယ်။

#ချည်ဖြူဖွဲ့ #လက်ချည် #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH