“အများစုက ကူလီကပ်ပါးတွေပါ။လယ်သမား ကိုင်းသမားတွေ ရာသီသီးနှံပဲ လုပ်စားနေကြရတာ
၁၀၊ဩဂုတ်လ။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းက ဘုတ်ချောင်းအုပ်စုမှာ အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှု ထမ်းဥပဒေကို အကြောင်းပြုပြီး ခွဲတမ်းချငွေကြေးကောက်ခံမှုတွေကြောင့် ဒေသခံတွေမှာ အခက်အခဲဖြစ်နေပါတယ်။
ဘုတ်ချောင်းအုပ်ချုပ်ရေးမှူး ဖြစ်တဲ့ ဦးမျိုးညွန် ၊ စာရေး ဦးဝင်စိုးတို့ဟာ ကျေးရွာအုပ်စုထဲမှာရှိတဲ့ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်အိမ်တအိမ်ကို တသိန်းခွဲအထိ ကောက်ခံခဲ့ပါတယ်။ စုစုပေါင်း စစ်မှု ထမ်းအကျုံးဝင်လူငယ်တဦးရှိတဲ့ အိမ်တအိမ်ကို ၆ သိန်းအထိ ထဲ့ဝင်ပြီးကြချိန်မှာ အခုထပ်ပြီး တအိမ် တသိန်းရှစ်သောင်းထဲ့ဝင်ဖို့ ဖိအားပေးနေပြီလို့ သိရပါတယ်။
“တယောက်ကို တသိန်းရှစ်သောင်းတောင် တောင်းနေပြီ။ ငိုယိုနေကြပြီ။အလုပ်အကိုင်ကမှ မရှိ။ ရှာလို့ရတာ ကိုယ့်လုပ်စာ ကိုယ်မစားရ။မဖြစ် ဖြစ်သလို ရှာထဲ့ကြမယ့် အဖြစ်ရောက်နေကြပြီ။မြို့နယ်ကို ဘယ်လောက်ပေးရလဲတော့ မသိဘူး။ အုပ်ကြီးနဲ့ စာရေးလည်း ဖြတ်စားမှာတော့ ကျိန်းသေတယ်”လို့ ဘုတ်ချောင်းကျေးရွာအုပ်စုမှာ နေထိုင်သူတဦးက DNA ကိုပြောပါတယ်။
ဘုတ်ချောင်းကျေးရွာအုပ်စုဟာ လေးမျက်နှာမြို့န ယ်နဲ့ ရေကြည်မြို့နယ်အစပ်မှာ ရှိပြီး ငဝန်မြစ်ကမ်းဘေးကျေးရွာအုပ်စု တခုဖြစ်ပါတယ်။ ဘုတ်ချောင်းကျေးရွာအုပ်စုထဲမှာ ဇီးချောင်း၊ဘုတ်ချောင်း၊ထိန်ကျော်၊တာဦးတို၊ညောင်ကုန်းလေး၊မြေနုကျွန်း စတဲ့ကျေးရွာ ၆ ရွာပါဝင်ပါတယ်။ ဒေသခံအများစုက လယ်၊ကိုင်း အခြေပြုလုပ်ကိုင်စားသောက်ကြတဲ့ စိုက်ပျိုးရေးသမားတွေ ဖြစ်ကြပါတယ်။
“အများစုက ကူလီကပ်ပါးတွေပါ။လယ်သမား ကိုင်းသမားတွေ ရာသီသီးနှံပဲ လုပ်စားနေကြရတာ”လို့ ဆိုပါတယ်။ လေးမျက်နှာမြို့နယ်ထဲမှာ စစ်ပွဲတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ အပြည့်အဝ မလုပ်နိုင်ကြသလို အုပ်ချုပ်ရေးပိုင်းကလည်း အထပ်ထပ် ပိတ်ဆို့မှုတွေ လုပ်နေကြလို့ ဒေသခံတွေ စီးပွားရေး အကြပ်တွေ့နေပြီလို့ လေးမျက်နှာမြို့နယ်အတွင်း နေထိုင်သူ တဦးက ပြောပါတယ်။
“စစ်မှုထမ်းကြေးပေးရ ၊ ပေါ်တာဆွဲမှာ ကြောက်ရနဲ့ ။ဈေးဝယ်ရင်လည်း အုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာပါမှ ဝယ်လို့ရတယ်။ ထောက်ခံစာတရွက်ကိုလည်း ၅ ထောင်ပေးရတယ်”လို့ ပြောပါတယ်။
#စစ်မှုထမ်းကြေး #လေးမျက်နှာ #ဘုတ်ချောင်းအုပ်စု #ဒေသခံ #အခက်အခဲဖြစ် #ဧရာဝတီတိုင်းဒေသကြီး #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH