“လူကို (စစ်မှုထမ်း) ကိုယ်တိုင်ရှာထည့်ကြပေါ့နော်။ ပိုက်ဆံကိုတော့ သိန်း ၄၀ အရင်ယူထားလို့ အုပ်ကြီးကပြောတယ်။ ဒါပေမယ့် ဒီကိစ္စကို ဦးဆောင်ပြီးလုပ်ဆောင်နေသူတွေက မရဘူး ၊ အပြည့်ပေးဖို့ပြောထားတာပေါ့နော်”
၁၀၊ဩဂုတ်လ။
ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ လင်းလွန်းပင်ကျေးရွာအုပ်စုမှာ စစ်မှုထမ်းလစဉ်ကြေးပေးဆောင်ရတာနဲ့ ပတ်သက်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဒေသခံရွာသားတွေကြား အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့တဲ့နောက် အုပ်ချုပ်ရေးမှူးက သူကောက်ခံထားတဲ့ ပိုက်ဆံတွေကို ဒေသခံရွာသားတွေ ပြန်လည်ပေး အပ်မယ်လို့ သဘောတူညီခဲ့ပါတယ်။
“မြို့နယ်က တပိုင်ကို တယောက်တောင်းတာ (စစ်မှုထမ်း) က ၆ ကြိမ်ပဲရှိသေးတယ်။ သူက (အုပ်ချုပ် ရေးမှူး) ပိုက်ဆံကောက်တာ ၁၂ ကြိမ်တောင်ပိုက်ဆံကောက်ထားတယ်။ တကြိမ်ကို တသိန်းခွဲကနေ ၂ သိန်းခွဲလောက်အထိ ပေးထားကြရတာ။ ပြည်ပရောက်နေသူတွေလည်း ပေးရတာပဲ” လို့ ဒေသခံ တဦးက ပြော ပါတယ်။
မြို့နယ်ကသက်မှတ်တဲ့ အကြိမ်အရေအတွက်ထက် ပိုမိုပြီး ငွေကောက်ခံခဲ့တဲ့အတွက် ဒေသခံတွေနဲ့ အငြင်းပွားခဲ့ကြတာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ နောက်ဆုံးကောက်ခံရရှိထားတဲ့ ကျပ်သိန်း ၁၇၀ ကို အုပ်ချုပ်ရေးမှူးက ဒေသခံတွေဆီကို ပြန်လည်လွှဲပြောင်းပေးမယ်လို့ သဘောတူညီခဲ့ပါတယ်။
“လူကို (စစ်မှုထမ်း) ကိုယ်တိုင်ရှာထည့်ကြပေါ့နော်။ ပိုက်ဆံကိုတော့ သိန်း ၄၀ အရင်ယူထားလို့ အုပ်ကြီးကပြောတယ်။ ဒါပေမယ့် ဒီကိစ္စကို ဦးဆောင်ပြီးလုပ်ဆောင်နေသူတွေက မရဘူး ၊ အပြည့်ပေးဖို့ပြောထားတာပေါ့နော်” လို့ ရွာသားတဦးက ပြောပါတယ်။
လင်းလွန်းပင်ကျေးရွာအုပ်စုဆိုတာကတော့ အင်္ဂပူမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ပိန္နဲကွင်းကျေး ရွာအုပ်စုနဲ့ ကပ်လျပ်တည်ရှိတဲ့ ကျေးရွာအုပ်စုဖြစ်ပါတယ်။ လင်းလွန်းပင်ကျေးရွာအုပ်စုထဲမှာ သင်တောမြောင် ၊ ရေသောက်ကန် ၊ ပေါက်ပင်ချောင် ၊ ကွင်းကြီး ၊ ဘန့်ဘွေးကုန်း ၊ လင်းလွန်းပင် ဆိုပြီး ကျေးရွာ ၆ ခု ပါဝင်ပါတယ်။
ဒီကျေးရွာ ၆ ခုမှာ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း စစ်မှုထမ်း အတွက် အသက်အရွယ်အကျုံးဝင်သူ ရှိတဲ့အိမ်က ၁၀၀ ကျော်ရှိနေပါတယ်။
“အသက် ၃၅ နှစ် ကနေ ၆၀ နှစ်အတွင်း သက်ကြီးရွယ်အိုတွေကိုလည်း ပြည်သူ့စစ် (ဌာနေ) ဆိုပြီး လင်းလွန်ပင်မှာ စု ဆောင်းတာရှိသေးတယ်” လို့ ဒေသခံကပြောပါတယ်။
လင်းလွန်းပင်ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟာ ဌာနေပြည်သူ့စစ်အတွက် ဆိုပြီး ကျပ် ၅ သောင်းကနေ တသိန်းခွဲအထိ ဒေသခံရွာသူရွာသားတွေဆီက ၄ ကြိမ်ကောက်ခံခဲ့ပါသေးတယ်။
“တသိန်းခွဲကောက်ခဲ့တုန်းက အင်တာနက်ပေါ်မှာ သတင်းပြန့်သွားလို့ဆိုပြီး အုပ်ကြီးက ပိုက်ဆံတွေပြန်ပေးခဲ့ရသေးတယ်” လို့ ဒေသခံကပြောပါတယ်။