အမျိုးသား ၁၀ယောက် ၊ အမျိုးသမီး ၁၀ယောက်နဲ့ မိန်းကလေးငယ် ၁ယောက်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ၄ယောက်ကတော့ ဆေးရုံပေါ်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
၉ ၊ ဩဂုတ်လ။
ကင်ညာနိုင်ငံအနောက်ပိုင်းမှာ သောကြာနေ့က အသုဘခမ်းအနားတခုကနေပြန်လာတဲ့ ဘက်စ်ကားတစီး တိမ်းမှောက်လို့ လူ ၂၅ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။
အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ အဆိုပါဘက်စ်ကားဟာ အဝိုင်းပတ်တခုနားကို ရောက်ရှိမှာ ထိန်းမရတော့ဘဲ လမ်းဘေးမြောင်းထဲကို မှောက်လျက်အနေအထားနဲ့ ထိုးကျသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့အစီရင်ခံစာကို ကိုးကားပြီး ဘီဘီစီ သတင်းဌာနက ဖော်ပြပါတယ်။
အမျိုးသား ၁၀ယောက် ၊ အမျိုးသမီး ၁၀ယောက်နဲ့ မိန်းကလေးငယ် ၁ယောက်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် ၄ယောက်ကတော့ ဆေးရုံပေါ်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည်အယောက် ၂၀လည်း ဒဏ်ရာရခဲ့ပါတယ်။
အသုဘအခမ်းအနားကျင်းပတဲ့ Nyahera ဒေသကနေ ပြန်လာတဲ့ အဆိုပါ ဘက်စ်ကားဟာ Nyakach ကို ဦးတည်မောင်းလာတာချိန်မှာ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီယာဉ်တိမ်းမှောက်မှုဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကင်ညာသမ္မတ ဝီလျံ ရူတိုက မတော်တဆမှုဖြစ်စေတဲ့ စည်းကမ်းမဲ့လုပ်ရပ်တွေကို အရေးယူဖို့နဲ့ နိုင်ငံတလွှား လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်းချိုးဖောက်မှုတွေကို ဖြေရှင်းဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က နိုင်ဗာရှာမြို့မှာ ဘက်စ်ကားနဲ့ ရထားတဲ့ တိုက်မိလို့ လူ ၉ဦးသေဆုံးခဲ့ပြီး စနေနေ့ကလည်း မြို့တော်နိုင်ရူဘီမှာ ယာဉ်တိုက်မှုတခုကြောင့် လူ ၇ဦးသေဆုံးခဲ့ပါတယ်။
၂၀၂၀နဲ့ ၂၀၂၁ခုနှစ်အတွင်း ကင်ညာနိုင်ငံမှာ လမ်းပေါ်မှာ သေဆုံးနှုန်းဟာ ၂၀ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်က လမ်းပေါ်မှာ ဖြစ်ပွားတဲ့ မတော်တဆမှုတွေကြောင့် လူပေါင်း ၄,၅၀၀ ကျော်သေဆုံးပြီး ၁၆,၀၀၀ ကျော် ဒဏ်ရာရှိခဲ့တယ်လို့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။
Ref – BBC