ဘီလီယံ ၆၂၀ ကျော် ကုန်ကျခဲ့တဲ့ ရန်ကုန် – ပုသိမ် ရထားလမ်းကို ပြန်လည်ဖြုတ်သိမ်းနေ


ရန်ကုန်(လှိုင်သာယာ) – ပုသိမ် လမ်းပိုင်းဟာ ၂၀၁၅ ခုနှစ်မှာ ဆောက်လုပ်မှု ပြီးခဲ့ပေမယ့် ယခုအချိန်ထိ မီးရထားတကြိမ်မျှပြေးဆွဲခြင်း မရှိတဲ့ လမ်းပိုင်းဖြစ်ပြီး ရန်ကုန်(လှိုင်သာယာ) – ဟင်္သာတ လမ်းပိုင်းကတော့ ၂၀၁၄ – ၂၀၁၅ မှာ လအနည်းငယ် ပြေးဆွဲမှုပြုလုပ်ခဲ့ပြီး ရပ်ဆိုင်းထားခဲ့ပါတယ်။

၉ ၊ ဩဂုတ်လ။

မီးရထားပြေးဆွဲခြင်း တခါမှ မရှိခဲ့တဲ့ ရန်ကုန် – ပုသိမ် မီးရထားလမ်းပိုင်းက သံလမ်းနဲ့ မီးရထားဆိုင် ရာ ပစ္စည်းပစ္စယတွေကို သက်ဆိုင်ရာအာဏာပိုင် တွေ ဖြုတ်ယူသိမ်းဆည်းနေကြပြီဖြစ်ကြောင်း ဒေသခံတွေက DNA ကိုပြောပါတယ်။

“ သူတို့(အုပ်ချုပ်ရေးမှူးတွေ)မဖြုတ်သိမ်းလည်း သူခိုးတွေ ခိုးတာနဲ့ ကုန်တော့မှာလေ။ ရထားလမ်းညသာရှိတာ ရထားကဖြင့် ရှိတာမှ မဟုတ်တာ ” လို့ အိမ်မဲမြို့က မီးရထားသံလမ်းအနီးမှာ နေထိုင်သူတဦးက ဆိုပါတယ်။

ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကို ချိတ်ဆက်ထားတဲ့ ရန်ကုန်(လှိုင်သာယာ) – ပုသိမ် မီးရထားလမ်းပိုင်နဲ့ ရန်ကုန်(လှိုင်သာယာ) – ဟင်္သာတ မီးရထားလမ်းပိုင်းတွေဟာ ရထားပြေးဆွဲခြင်းမရှိတဲ့ လမ်းပိုင်းတွေ ဖြစ်ကြပါတယ်။

ဧရာဝတီတိုင်းထဲမှာ လက်ရှိ မီးရထားပြေးဆွဲနေတဲ့ ဟင်္သာတ – ကြံခင်း ရထားလမ်းပိုင်းကလွဲရင် ကျန်လမ်းပိုင်းနှစ်ခုက ရထားသံလမ်းတွေကို ခိုးယူရောင်းစားမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကရှိ လာနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သံလမ်းနဲ့နီးစပ်ရာကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို သံလမ်းအပါအဝင် မီးရထားဆိုင်ရာ ပစ္စည်းပစ္စယတွေကို ဖြုတ်ယူ သိမ်းဆည်းထားဖို့ ညွှန်ကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်(လှိုင်သာယာ) – ပုသိမ် လမ်းပိုင်းဟာ ၂၀၁၅ ခုနှစ်မှာ ဆောက်လုပ်မှု ပြီးခဲ့ပေမယ့် ယခုအချိန်ထိ မီးရထားတကြိမ်မျှပြေးဆွဲခြင်း မရှိတဲ့ လမ်းပိုင်းဖြစ်ပြီး ရန်ကုန်(လှိုင်သာယာ) – ဟင်္သာတ လမ်းပိုင်းကတော့ ၂၀၁၄ – ၂၀၁၅ မှာ လအနည်းငယ် ပြေးဆွဲမှုပြုလုပ်ခဲ့ပြီး ရပ်ဆိုင်းထားခဲ့ပါတယ်။

“ အဓိကကတော့ ရန်ကုန် – ညောင်တုန်းလမ်းပဲ။ အဲ့လမ်းမှာက ရေကျော်တာ တာပြိုတာ(မီးရထားလမ်းအနီးက တာပေါင်ပြိုကျခြင်း)တွေဖြစ်တော့ ရထားခဏဆွဲပြီးရပ်လိုက်တာ။ တခုရှိတာက ၂၀၁၄ မှာ အဲ့လိုဖြစ်နေလို့ ဟင်္သာတကိုသွားတဲ့ရထားတွေရပ်လိုက်တာကို ပုသိမ်လမ်းကို ပြီးအောင်လုပ်လိုက်ကြသေးတာ ” လို့ ညောင်တုန်းမြို့က လူမှုကူညီရေးအသင်းတခုရဲ့ ခေါင်းဆောင်ဖြစ်သူက ရှင်းပြပါတယ်။

ဒီမီးရထားလမ်းပိုင်းတွေကို ၂၀၀၉ – ၂၀၁၀ ခုနှစ် ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရလက်ထက်က စတင်ခဲ့တာဖြစ်ပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၁၆ ခုနှစ် မြန်မာ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ မူဝါဒမှတ်စု အစီရင်ခံစာအရ ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မီးရထားလမ်းအတွက် ကျပ်ငွေ ၆၂၀ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ဒီထဲက ၈၈ ရာခိုင်နှုန်းဟာ မီးရထားသံလမ်းတွေအတွက် ကုန်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာထဲမှာ ရန်ကုန်(လှိုင်သာယာ) – ပုသိမ် လမ်းပိုင်းထဲက ရန်ကုန် – ဘဲဂရက်(ကန်ကြီးထောင့်) လမ်းပိုင်းထိ ကုန်ကျစရိတ်ဟာ ကျပ်ပေါင်း ၆၅.၇ ဘီလီယံ ကုန်ကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ဒီအစီရင်ခံစာထဲမှာ ၂၀၀၉ – ၂၀၁၄ ခုနှစ်အတွင်းမှာ ပခုက္ကူ – မင်းလှ မီးရထားလမ်းပိုင်းနဲ့ ရန်ကုန်(လှိုင်သာယာ) – ပုသိမ် ၊ ရန်ကုန်(လှိုင်သာယာ) – ဟင်္သာတ မီးရထားလမ်းပိုင်းတွေကိုသာ အဓိကဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုအကုန်ကျခံ‌ဆောက်လုပ်ထားပေမယ့် ရန်ကုန်အထွက် ဧရာဝတီအဝင်ကိုဆက်သွယ်ထားတဲ့ ညောင်တုန်းတံတားကြီးအပါအဝင် မီးရထားလမ်းတွေဟာ ထူးထူးခြားခြား အသုံးဝင်တာမျိုး မရှိခဲ့ပါဘူး။

“ သူတို့(စစ်အစိုးရ)စလုပ်တုန်းကတော့ ပုသိမ် – ရန်ကုန် – ဟင်္သာတ ပေါ့။ ဧရာဝတီတိုင်း အနောက်ပိုင်းကို လွယ်လွယ်ကူကူသွားနိုင်အောင်လို့ပေါ့။ တကယ်ဖြစ်ခဲ့ရင်လည်း အများကြီးကောင်းသွားနိုင်တယ်။ အဓိက ကုန်တွေသယ်ပို့ဖို့ပေါ့။ ခုလိုတွေဖြစ်ရတာဟာ စေတနာ မမှန်ခဲ့လို့ပဲပေါ့။ ဒီလိုပဲပြောချင်ပါတယ် ” လို့ အိမ်မဲဒေသခံဖြစ်သူက ပြောပါတယ်။