ရန်ကုန်ခေတ်သစ်မီဒီယာမှာတော့ “အင်္ဂပူမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံ နှိပ်စက်နေသော စစ်တပ် ဒေါက်တိုင် အောင်အောင် ပစ်ခတ်ခံရပြီး သေဆုံး”လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းတပုဒ်ကို မနေ့ ဩဂုတ်လ ၇ ရက်နေ့ မှာ ဖေါ်ပြထားခဲ့ပေမယ့် သတင်းမှာပါတဲ့ အချက်အလက်တွေနဲ့ DNA က ရရှိထားတဲ့ မြေပြင်အချက်အလက်တွေဟာ ကွဲလွဲနေပါတယ်။
၈၊ဩဂုတ်လ။
ဧရာဝတီတိုင်း ၊ အင်္ဂပူမြို့နယ် ၊ ကုန်းပြင်ကျေးရွာအုပ်စု ၊ ကျီးပင်ရွာမှာနေထိုင်တဲ့ အသက် ၃၇ အရွယ် ကိုအောင်အောင်ဟာ ဩဂုတ်လ ၃ ရက် မနက်ပိုင်းက ကွင်းကောက်မြို့ကနေ ဈေးဝယ်ပြီးပြန်အလာမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
“ရွာနားက ဥယျာဉ်ခြံမြေတွေနားအရောက်မှာ လူသုံးယောက်က ဆိုင်ကယ်ကိုတားပြီးတော့ စကားပြောတယ်။ ပြောပြီးပြန်ထွက်မယ်အလုပ်မှာ နောက်ကျောကနေ လေးချက်ပစ်သွားတာ”လို့ ဒေသခံကတဦးက DNA ကို ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဓိက မျက်မြင်သက်သေအဖြစ် ကိုအောင်အောင်ရဲ့ ဇနီးက အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ကိုအောင်အောင်နဲ့အတူ ဆိုင်ကယ်တယောက်တစီးဆီ ရှိနေခဲ့သလို အနီးဝန်းကျင်က ဒေသခံတွေကလည်း ဖြစ်စဉ်ကို တွေ့မြင်ခဲ့ကြပါတယ်။
“သူတို့လင်မယားက ဆိုင်ကယ်တယောက်တစီးနဲ့ ဈေးဝယ်ပြန်လာတာ။ ပစ်တဲ့လူတွေထဲမှာ ဝါးတော ကွင်းရွာဘက်မှာ အိမ်ထောင်လာကျတဲ့ကောင်လေး တယောက်လည်းပါတယ်။ အချင်းချင်းစကားပြော ပြီးမှ နောက်ကျောကနေအပစ်ခံလိုက်ရတာ”လို့ မိသားစုဝင်ကပြောပါတယ်။
လက်တလောမှာ ကိုအောင်အောင်ဟာ ဟင်္သာတဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ပြီး ဇနီးဖြစ်သူဟာလည်း လူနာစောင့်နေရတဲ့အတွက် DNA အနေနဲ့ တိုက်ရိုက် အဆက်အသွယ် မရပဲ ဆွေးမျိုးသားချင်းတွေနဲ့သာ ဆက်သွယ်နိုင်ခဲ့ပါတယ်။
“အောင်အောင်က မင်းတို့လည်းသွား ၊ ငါလည်းပြန်ပြီးဆိုပြီး ဆိုင်ကယ်အထွက်မှာပစ်တာ။ ပစ်တဲ့ကောင်က အောင်အောင်ကျောကိုတောင် ပုတ်ပြီးနှုတ်ဆက်လိုက်သေးတယ်။ ပြီးတော့မှ ခြောက်လုံးပြူး နဲ့ကျောကုန်းကိုပစ်ချလိုက်တာ”လို့ ကိုအောင်အောင်ရဲ့ ဇနီးက ပြောခဲ့တယ်လို့ မိသားစုဝင်က ပြန်ပြောပြပါတယ်။
ရန်ကုန်ခေတ်သစ်မီဒီယာမှာတော့ “အင်္ဂပူမြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံ နှိပ်စက်နေသော စစ်တပ် ဒေါက်တိုင် အောင်အောင် ပစ်ခတ်ခံရပြီး သေဆုံး”လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းတပုဒ်ကို မနေ့ ဩဂုတ်လ ၇ ရက်နေ့ မှာ ဖေါ်ပြထားခဲ့ပေမယ့် သတင်းမှာပါတဲ့ အချက်အလက်တွေနဲ့ DNA က ရရှိထားတဲ့ မြေပြင်အချက်အလက်တွေဟာ ကွဲလွဲနေပါတယ်။
“အောင်အောင်က မျှစ်ဒိုင်ဖွင့်ထားတယ်ဆိုတာလည်းမဟုတ်ဘူး။ သေတယ်ဆိုတာလည်းမဟုတ်ဘူး” လို့ မိသားစုဝင်ကပြောပါတယ်။
အင်္ဂပူမြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူကတော့ ကိုအောင်အောင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သူတို့ဆီမှာ မရှိဘူးလို့ဆိုပါတယ်။
“အပစ်ခံရတာတော့ ဟုတ်တယ်။ ဒါပေမယ့် သူက ကျီးပင်ရာအိမ်မှူးလို့လည်းကြားတယ်။ဒါပေမယ့် ဂဃနဏ မသိဘူး၊ ကိုယ့်လူတွေ မေးကြည့်တော့လည်း တောင်တလုံးမြောက်တလုံးပဲ ၊ ဘယ်သူမှ ဂဃနဏ မသိကြဘူး”လို့ဆိုပါတယ်။
DNAက ဒေသခံတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ကိုအောင်အောင်ဟာ ကျီးပင်ရွာ ရာအိမ်မှူးတယောက် မဟုတ်ဘူးဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကိုအောင်အောင်ဟာ သူတို့ဒေသမှာ တိုက်ပွဲတွေ မဖြစ်ခင်က ဥယျာဉ်ခြံစောင့် အဖြစ်အသက်မွေးပြီး လောလောဆယ်မှာတော့ ကျပန်းအလုပ်တွေကိုသာ လုပ်ကိုင်နေသူတဦးလို့ သိရပါတယ်။
“သူက ကြက်ပြင်နားက ဆရာဝန်ဇော်လင်းခြံမှာ ခြံစောင့်လုပ်တာတဲ့၊ နောက် အေအေကဖမ်းသွားလို့ တလနီးပါး ပါသွားသေးတယ်။ နောက်တော့ ပြန်လွတ်လာတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် R 14 UG အဖွဲ့ဆိုတာကိုလည်း အင်္ဂပူမြို့နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူက မသိဘူးလို့ ပြောပါတယ်။
ကျီးပင်ဒေသခံတဦးကလည်း “အောင်အောင်က စစ်တပ်သတင်းပေး ဆိုတာကလည်း မှားနေတယ်။ မဟုတ်ဘူး” လို့ DNA ကိုပြောပါတယ်။
ကုန်းပြင်ကျေးရွာအုပ်စုဆိုတာက အင်္ဂပူမြို့နယ်ရဲ့ အနောက်ဘက်ဆုံးကျေးရွာအုပ်စုဖြစ်တဲ့အပြင် တောင် မြန်အောင်တိုးချဲ့သစ်တောကြိုးဝိုင်းနဲ့ထိစပ်နေပြီး ရခိုင်းရိုးမနဲ့လည်း စပ်ဆက်နေတဲ့နေရာမှာတည်ရှိတာပါ။ ဒါ့ပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာတွေနဲ့လည်း ထိစပ်နေပါတယ်။