“ဧရာဝတီတိုင်း ဘက်ကလာတဲ့ ကောက်ရိုးမှိုက အခြားဒေသထွက် မှိုတွေထက် ပိုနူးညံ့တယ်၊လတ်ဆတ်တယ်၊ ချိုတယ်၊ လူကြိုက်များတယ်။
၈၊ဩဂုတ်လ။
ဧရာဝတီတိုင်းက ထွက်ကုန်တခုဖြစ်တဲ့ ကောက်ရိုးမှိုဟာ ရန်ကုန်ဈေးကွက်မှာ အမြင့်ဈေးနဲ့ အရောင်းသွက်နေပါတယ်။
“ဧရာဝတီတိုင်း ဘက်ကလာတဲ့ ကောက်ရိုးမှိုက အခြားဒေသထွက် မှိုတွေထက် ပိုနူးညံ့တယ်၊လတ်ဆတ်တယ်၊ ချိုတယ်၊ လူကြိုက်များတယ်။ ပြီးတော့ အထက်ဖက် စစ်ကိုင်း၊ မုံရွာ၊ မကွေးဘက်မှာ စစ်တပ်က ရွာတွေထဲဝင်မွှေနေတော့ တောင်သူတွေ အလုပ်အကိုင်ပျက်တယ်။ အဲတော့ ဧရာဝတီတိုင်းက ကုန် စည်တွေ ဈေးကောင်းရတယ်”လို့ ကောက်ရိုးမှို ရောင်းဝယ်သူတဦးက DNA ကို ပြောပါတယ်။
လက်ရှိကောက်ရိုးမှိုပေါက်ဈေးဟာ တပိဿာ တသောင်းရှစ်ထောင်အထိ ဈေးရှိနေပေမယ့် ဝယ်လိုအားများနေပါတယ်။အဲဒါကြောင့် မှိုစိုက်ပျိုးသူတွေ အကျိုးအမြတ်များနေပြီး ကျပ်တသိန်းရင်းမယ်ဆိုရင် ကျပ်နှစ်သိန်းကျော်ဝန်းကျင်အထိ အမြတ်အစွန်း ရနေကြပါတယ်။
အခုလို ဈေးကောင်းရပြီး ဝယ်လိုအားများနေတဲ့အတွ် အရင်ကဆို မိသားစု တပိုင်တနိုင်သာ စိုက်ပျိုးခဲ့ကြရာကနေ တဧကဝန်းကျင်အထိ စီးပွားဖြစ် စိုက်ပျိုးရေး တိုးချဲ့စိုက်ပျိုးလာကြတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ဇူလိုင်လက စိုက်ထားတာတွေက ရောင်းလို့ကုန်နေပြီ။ ကြိုမှာထားတာတွေ ကလည်းရှိနေတယ်။ ဈေးကောင်းလည်း ရတယ်ဆိုတော့ တိုးချဲ့စိုက်ကြတာပေါ့။ ကောက်ရိုးမှိုက နေ့စဉ်ရတဲ့ ဝင်ငွေကို တွက်ချက်လို့ရတယ်။ အဓိက ဈေးကွက်က ရန်ကုန် ပါ” လို့ ကောက်ရိုးမှိုစိုက်သူတဦးက DNA ကိုပြောပါတယ်။
ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် အသီးသီးကနေ စိုက်ပျိုးထုတ်လုပ်တဲ့ ကောက်ရိုးမှိုတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချရာမှာ ဘိုကလေး မြို့နယ်က အများဆုံး ဖြစ်ပြီး ပွဲရုံတခုတည်းကပင် တလအတွင်း ပိဿာချိန် ရှစ်သောင်းခွဲကျော် တင်ပို့ခဲ့ပါတယ်။
ဓနုဖြူမြို့နယ် အတွင်းက ထုတ်လုပ်တဲ့ ကောက်ရိုးမှိုကို ရောင်းဝယ်သူတွေဟာ ရန်ကုန် ၊မန္တလေး၊ စစ်ကိုင်း၊ တို့ကို တင်ပို့ရောင်းချဖို့မလိုပဲ မုံရွာ၊ ရေဦး၊တန့်ဆည်၊ဂန့်ဂေါ၊ယော၊ဆော စတဲ့ ဒေသတွေက ဆင်းဝယ်ကြတဲ့အတွက် ဒေသတွင်းမှာပဲ အရောင်းအဝယ် ဖြစ်ကြပါတယ်။
ကောက်ရိုးမှိုကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာမှာ ဗေဒါ ၊စက္ကူကပ်ထူချပ် နဲ့ ကောက်ရိုး တွေ လိုအပ်ပြီး အဓိကအားဖြင့် ဗေဒါဟာ ကောက်ရိုးမှို ဖြစ်ထွန်းဖို့ အကောင်း ဆုံး ဓါတ်စာပါတယ်။စိုက်ပျိုးချိန် တပတ်အတွင်း ဈေးကွက်ဝင် ခူးဆွတ်ရောင်းချနိုင်တဲ့ အဖူးအပွင့်တွေကို ရရှိပါတယ်။
ဧရာဝတီတိုင်း အတွင်းမှာ မြို့နယ်အသီးသီးက ကျေးလက်ဒေသတွေမှာ ကောက်ရိုးမှိုကို စိုက်ပျိုးထုတ် လုပ်ကြတဲ့အနက် ဘိုကလေးမြို့နယ်က သာပေါင်း၊ ပေချောင်း၊ မြင့်ကကုန်း၊ အလယ်ရေကျော်စတဲ့ ကျေး ရွာတွေကတော့ စိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။