“ တချို့က ကိုယ်စားလှယ်လွှဲစာနဲ့ထုတ်ကြတာ အသက်ကြီးတော့ မသွားချင် မလာချင်၊ ကျန်းမာရေးတွေကလည်း မကောင်းဘူးပေါ့။ အဲ့ဒါကို ကိုယ်စားလှယ်လွှဲစာနဲ့ဆို မထုတ်ပေးဘူးဆိုတာမျိုး ဖိအားပေးခိုင်းတာပေါ့လေ။ လုပ်ရတာပေါ့ ” လို့ အဆိုပါ ဘဏ်ခွဲဝန်ထမ်းက ပြောပါတယ်။
၇၊ဩဂုတ်လ။
ဧရာဝတီတိုင်းအတွင်းက ပင်စင်စား သက်ကြီးရွယ်အိုတွေကို ဒီနှစ်အတွင်းမှာ စမတ်ကဒ်(UID) ကို အပြီးလုပ်ကြဖို့ အစိုးရက ဖိအားပေးနေပါတယ်။ဒါပေမယ့် မသန်စွမ်းသူတွေ၊ကျန်းမာရေးမကောင်းတဲ့ ပင်စင်စားတွေအတွက် အိမ်တိုင်ယာရောက် စမတ်ကဒ်(UID)လုပ်ပေးဖို့ အထက်က ညွှန်ကြားထားပေမယ့် ဧရာဝတီတိုင်းမှာတော့ မဖြစ်မနေ လဝကရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေကိုသာ သွားလုပ်နေရတဲ့အတွက် ပင်စင်စားသက်ကြီးရွယ်အိုတွေ အခက်တွေ့နေပါတယ်။
“ ပင်စင်သမားတွေက အများစုက လတိုင်း မထုတ်ဘူး။ နည်းတော့ လတွေ စုထားပြီး များတော့မှလာထုတ်ကြတယ်။ အခုကျတော့ UID လုပ်တဲ့ အစီအစဉ်ဖြစ်လာတော့ သူတို့(ပင်စင်စား)တွေကို မဖြစ်မနေလာဖို့ ဖုန်းဆက်အကြောင်းကြားခိုင်းတာတွေ လုပ်နေရတယ် ” လို့ အသက် ၄၀ အရွယ် မြန်မာစီးပွားရေးဘဏ်ခွဲ ဝန်ထမ်းတဦးက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ပင်စင်စားတွေကို UIDကဒ် ပြုလုပ်ဖို့ သတိပေးတာတွေ ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာတော့ ဘဏ်မှာ UID ကဒ်တွေပြုလုပ်ဖို့ လ.ဝ.က က စီစဉ်ဆောင်ရွက်ခဲ့ပြီး ပင်စင်စားတွေကို မဖြစ်မနေ ပင်စင်လာထုတ်ကြဖို့ ဆက်သွယ်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ တချို့က ကိုယ်စားလှယ်လွှဲစာနဲ့ထုတ်ကြတာ အသက်ကြီးတော့ မသွားချင် မလာချင်၊ ကျန်းမာရေးတွေကလည်း မကောင်းဘူးပေါ့။ အဲ့ဒါကို ကိုယ်စားလှယ်လွှဲစာနဲ့ဆို မထုတ်ပေးဘူးဆိုတာမျိုး ဖိအားပေးခိုင်းတာပေါ့လေ။ လုပ်ရတာပေါ့ ” လို့ အဆိုပါ ဘဏ်ခွဲဝန်ထမ်းက ပြောပါတယ်။
ဒီလိုမျိုး UID ပြုလုပ်ဖို့အတွက် ပင်စင်စားတွေနဲ့ သက်ကြီးရွယ်အိုတွေကို လ.ဝ.က ရုံးကို မဖြစ်မနေ လာခိုင်းတဲ့ ကိစ္စတွေ၊ UIDကဒ် မရှိရင် ပင်စင်ထုတ်လို့မရတဲ့ ကိစ္စတွေ အပါအဝင် အဆင်မပြေမှုတွေ အများကြီးဖြစ်ခဲ့တဲ့အကြောင်း စစ်ကောင်စီကိုထောက်ခံနေတဲ့ မီဒီယာတချို့နဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြီးခဲ့တဲ့ ဇူလိုင်က ဖော်ပြခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ပင်စင်ထုတ်တဲ့ ဘဏ်တွေမှာ လိုက်လုပ်ပေးတာတွေ၊ အိမ်တိုင်ရာရောက် လိုက်လုပ်ပေးတာမျိုးတွေကို အချို့နယ်မြေတွေရဲ့ လ.ဝ.က ဝန်ထမ်းတွေက ပြုလုပ်ခဲ့ပေမယ့် ဧရာဝတီတိုင်းမှာတော့ မကြားမိသေးဘူးလို့ DNA ရဲ့ သတင်းရင်းမြစ်တွေဖြစ်တဲ့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။
“ ဒီမှာကျတော့ အိမ်လိုက်လုပ်ပေးမယ်ဆို ရွာတွေဆင်းရမှာကိုး တရွာ တရွာမှာရော ပင်စင်စားက ဘယ်နှယောက်ရှိမှာလဲ။ အချိန်ကုန်တာတွေသက်သာပြီး အလုပ်တွင်အောင်လို့ အခုလိုမျိုး လုပ်တာဖြစ်နိုင်ပါတယ်။ သူတို့ဘက်က(လ.ဝ.က) လူကြီးတွေလာရသွားရ အဆင်ပြေအောင်တော့ စီစဉ်ပေးသင့်တာပေါ့လေ ” လို့ ဘိုကလေးမြို့နယ်က လူမှုကူညီရေးအဖွဲ့တခုရဲ့ ဦးဆောင်သူက ပြောပါတယ်။
အခုလိုမျိုး UID ကဒ်တွေကို နှစ်မကုန်ခင် အပြီးလုပ်နိုင်ဖို့ ညွှန်ကြားထားတာဟာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ သက်ဆိုင်နေလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့တော့ ဘဏ်ခွဲဝန်ထမ်းက သူမသိဘူးလို့ ဖြေကြားခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက UID ကဒ်တွေ ပြုလုပ်ဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးလာခဲ့တာဖြစ်ပြီး သူကြေညာထားတဲ့ ရွေးကောက်ပွဲ ပြုလုပ်ရမယ့်အချိန် နီးလာတာနဲ့အမျှ သက်ကြီးရွယ်အိုတွေကိုပါ UID မဖြစ်မနေပြုလုပ်ဖို့ ဖိအားပေးလာနေတာ ဖြစ်ပါတယ်။
ဒီလိုမျိုး UID ပြုလုပ်ဖို့ ဖိအားပေးနေပေမယ့် လက်ရှိကိုင်ဆောင်ထားတဲ့ မှတ်ပုံတင်ကိုလည်း မဖြစ်မနေ ဆက်လက်ကိုင်ဆောင်ထားရမှာဖြစ်တာကြောင့် မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့သူတွေဟာ မှတ်ပုံတင်နဲ့ UID နှစ်ကဒ်စလုံးကို ကိုင်ဆောင်ထားဖို့လိုတယ်လို့ သိရပါတယ်။