စက်စက်ယိုမှာ တိုက်ပွဲဖြစ် ၊ လက်နက်ကြီးကျပြီး အရပ်သားတဦး ဒဏ်ရာရ

“အများကြီးတော့ အထိအခိုက် မရှိဘူးဗျ ။ ကျည်ဆံကျတဲ့အချိန် သူကလည်း ဝပ်နေတာလို့ ပြောတယ်။ အစလွင့်ပြီးမှန်တာ လက်ကိုတချက် ၊ခြေထောက်ကို တချက် ။ နည်းနည်းပဲ ရှပ်ထိလေးပဲဗျ”လို ဆိုပါတယ်။

၅၊ဩဂုတ်လ။

ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ် အကြား ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါ်က စက်စက်ယိုကျေးရွာမှာ မနေ့က ည ၈ နာရီ၊မိနစ် ၃၀ ခန့်က စပြီးတိုက်ပွဲ ဖြစ်ပွားခဲပြီး ဒီနေ့မနက်ပိုင်း ၉ နာရီ ကျော်အချိန်မှာ စစ်တပ်ဘက် လက်နက်ကြီး ပစ်ခတ်မှု့ကြောင့် စက်စက်ယိုရွာ အရှေ့ဘက်ခြမ်းက ကျေးရွာတရွာပေါ်ကို(လုံခြုံရေးအခြေအနေအရ ကျေးရွာနာမည် မဖေါ်ပြနိုင်ပါ) လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တလုံးပျက်စီးကာ လူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“သုံးလုံးစလုံး ရွာပေါ်က ပျံသွားပြီး တလုံးပဲ ရွာထဲကိုကျတာ ။ ကျန်တဲ့နှစ်လုံးက ဘယ်မှာကျတယ်ဆိုတာ သေချာမသိသေးဘူး ခင်ဗျ။ အခု အမြောက်ဆံကျတဲ့ရွာက တိုက်ပွဲဖြစ်နေတာမျိုး မရှိဘူး”လို့ ရွာခံအမျိုးသားက DNA ကိုပြောပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ ည ၈ နာရီကျော်မှာ ဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲဟာ ည ၉ နာရီကျော်မှာ ပြန်လည် ငြိမ်သက်သွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ဒီနေ့မနက်ပိုင်းမှာ ရွာကိုကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်တွေဟာ အမတ ၃၄၄ ကနေ လှမ်းပစ်တာလို့ ဒေသခံက ခန့်မှန်းပါတယ်။ ဒဏ်ရာရ လူနာကတော့ စိုးရိမ်စရာ အခြေအနေ မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဒေသအခြေအနေအရ လမ်းတွေပိတ်ထားတဲ့အတွက် ဆေးရုံ ဆေးခန်းရှိရာဘက်ကို ထွက်လို့မရတဲ့ အခြေအနေလို့ ပြောပါတယ်။

“အများကြီးတော့ အထိအခိုက် မရှိဘူးဗျ ။ ကျည်ဆံကျတဲ့အချိန် သူကလည်း ဝပ်နေတာလို့ ပြောတယ်။ အစလွင့်ပြီးမှန်တာ လက်ကိုတချက် ၊ခြေထောက်ကို တချက် ။ နည်းနည်းပဲ ရှပ်ထိလေးပဲဗျ”လို ဆိုပါတယ်။

ရေကြည်မြို့နယ် နဲ့ လေးမျက်နှာမြို့နယ် အစပ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းကနေ ဇူလိုင်လအတွင်းအထိ ထိတွေ့တိုက်ပွဲတွေ အတန်ငယ် ငြိမ်သက်ခဲ့ရာက ဩဂုတ်လဆန်းပိုင်းမှာ ထိတွေ့မှု ခပ်စိပ်စိပ်ပြန်ဖြစ်လာတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က အမတ ၃၄၄ နဲ့ ၅ မိုင်ခန့်အကွာက သရက်ပင်ကြီးစုကျေးရွာမှာ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ် အစပ်မှာရှိနေပြီး ပုသိမ်-မုံရွာကာလမ်းမကြီးပေါ်က စက်စက်ယိုကျေးရွာ အနီးတဝိုက်မှာတော့ တိုက်ပွဲတွေ မကြာခန ဖြစ်ပွားလေ့ ရှိပါတယ်။ စစ်တပ်က စက်စက်ယိုကျေးရွာ အနီးက ရွှေဘုန်းမြင့်တောင်ပေါ်မှာ ပိတ်မိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပိတ်တိုက်ခိုက်နေတဲ့အတွက် မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။