ဂဏန်းအရောင်းအဝယ်လုပ်ငန်းက စီးပွားဖြစ်ထွန်းလာတာကြောင့် ဂဏန်းဖမ်းရောင်း သူတွေနဲ့ တင်ပို့ရောင်းချသူများလာပြီး ဂဏန်းဖမ်းသူတွေကို မျိုးချချိန် မေလ နဲ့ ဇွန်လ အတွင်း ဂဏန်းတွေ မဖမ်းဖို့ သက်ဆိုင်ရာက တားမြစ်ထားပေမယ့် တာဝန်ရှိသူတွေအနေနဲ့ ထိရောက်တဲ့ တားမြစ်မှုကို မလုပ်နိုင်ပါဘူး။
၅၊ဩဂုတ်လ။
ဧရာဝတီတိုင်းကနေ တရုတ်နယ်စပ်ဈေးကွက်တွေအထိ တင်ပို့ရောင်းချနေတဲ့ ပင်လယ်ဂဏန်း ဖမ်းဆီးရရှိမှုမှာ လျော့ကျလာနေပါတယ်။
ဂဏန်းမျိုးချချိန် အရေခွံလဲ ဂဏန်းတွေကို ဖမ်းဆီးတာ၊ ပင်လယ်ကမ်းနီး ငါးဖမ်းသူတွေက ဂျမ်းတိုက်ငါးဖမ်းနည်းကို အသုံးပြုတာ၊ ဒီရေတောတွေ ပြန်းတီးလာတာ စတာတွေကြောင့် ဂဏန်းပေါက်ဖွားနှုန်း လျော့ကျလာပြီး ဖမ်းဆီးရရှိမှုလည်း လျော့ကျလာတာပါ။
“ဒိုင်တွေများများလာလို့၊ ဖမ်းတဲ့သူများလာလို့ ၊ ဒိုင်တခုခြင်းစီကို ကုန်အဝင် နည်းတာထက်၊ ဂဏန်းဖမ်း တဲ့သူတွေ ကိုယ်တိုင် ဂဏန်းဖမ်းလို့ ရတာနည်းလာတာ ၊ ဂဏန်းအရနည်းတော့ ကုန်ချိန်အဝင်နည်း လာတာပေါ့” လို့ လပွတ္တာမြို့ ဂဏန်း ရောင်းဝယ်ရေး လုပ်ငန်းရှင် တဦးကပြောပါတယ်။
ဂဏန်းအရောင်းအဝယ်လုပ်ငန်းက စီးပွားဖြစ်ထွန်းလာတာကြောင့် ဂဏန်းဖမ်းရောင်း သူတွေနဲ့ တင်ပို့ရောင်းချသူများလာပြီး ဂဏန်းဖမ်းသူတွေကို မျိုးချချိန် မေလ နဲ့ ဇွန်လ အတွင်း ဂဏန်းတွေ မဖမ်းဖို့ သက်ဆိုင်ရာက တားမြစ်ထားပေမယ့် တာဝန်ရှိသူတွေအနေနဲ့ ထိရောက်တဲ့ တားမြစ်မှုကို မလုပ်နိုင်ပါဘူး။
ဂဏန်းဖမ်းဆီး ရရှိမှုလျော့ကျလာတာကြောင့် ပုသိမ်၊ ငပုတော၊ လပွတ္တာ၊ ဘိုကလေး နဲ့ ဒေးဒရဲမြို့ရှိ ဂဏန်းရောင်း ဝယ်ရေး ဒိုင်တွေကို ဂဏန်းကုန်စည် ဝင်ရောက်မှုနည်းလာနေပါတယ်။ အထူးသဖြင့် ဂဏန်းအများဆုံး တင်ပို့ ရောင်းချတဲ့ လပွတ္တာမြို့ ဂဏန်းဒိုင်တွေဆီကို အရင်နှစ်ကထက်စာရင် ကုန်စည်ဝင်ရောက်မှုဟာ သုံးပုံနှစ်ပုံ လျော့ကျသွားတယ်လို့ သိရပါတယ်။
ဂဏန်းအများဆုံး တင်ပို့ရောင်းချပြီး ဂဏန်းဒိုင် ၁၀၀ ကျော်ရှိတဲ့ လပွတ္တာမြို့က ဂဏန်းဈေးကွက် ကနေ တလကို ကုန်ချိန် ကီလိုဂရမ် ၈၀၀၀ နီးပါး တင်ပို့နေရာက ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာ အဲဒီကုန်ချိန်ပမာဏရဲ့ သုံးပုံတပုံသာ တင်ပို့နိုင်ပါတော့တယ်။
“ဂဏန်းကဖမ်းမိတာ သိသိသာသာ နည်းလာတယ်။ အရင်ကတော့ ဖမ်းတဲ့ သူတွေ များလာလို့ အရနည်းတယ် ထင်တာ။ တကယ်တော့ ဂဏန်းတွေ သားပေါက်တာ နည်းတာ။ ပြီးခဲ့တဲ့ ၄ နှစ်လောက် ဂဏန်းဖမ်း ရောင်းရတာ အဆင်ပြေတယ်။ ခုက စစ်တပ်လှည့်ကင်းတွေကိုလည်း ကြောက်တာကြောင့် အရှောင်အတိမ်းနဲ့ လုပ်ရတော့ အဆင်မပြေတော့ဘူး” လို့ ငရုတ်ကောင်း ဒေသခံ ဂဏန်းဖမ်းသူတဦးက ပြောပါတယ်။
ပုသိမ်မြို့နယ်ထဲက ချောင်းသာ နဲ့ ငွေဆောင် ကမ်းခြေဒေသမှာ ခရီးသွား ဧည့်သည်တွေ အကြိုက်တွေ့တဲ့ ပင်လယ်စာ ဂဏန်းချဉ်စပ်၊ ဂဏန်းမဆလာ ၊ ဂဏန်းပေါင်းစတဲ့ ဟင်းလျာတွေ အတွက် အသုံးပြုတဲ့ သုံးလက်မအရွယ် ဂဏန်းတွေ ဖမ်းဆီး ရရှိနည်းလာတာကြောင့် နှစ်လက်မအောက် အရွယ်ရှိ လွှတ်ဂဏန်းတွေကို အစားထိုးပြီး ချက်ပို့ လုပ်ငန်းလုပ်ကိုင်သူတွေက ချက်ပြုတ် ရောင်းချနေကြရပါတယ်။
ပုသိမ် နဲ့ ချောင်းသာဒေသမှာ ရောင်းတန်းဝင် သုံးလက်မအရွယ် ဂဏန်း တပိသာကို ကျပ်တသောင်းခွဲ ကနေ ကျပ်သုံးသောင်းအထိ အရောင်းအဝယ် ဖြစ်ကြပေမယ့် ဒေသအလိုက် ရောင်းဝယ်ဈေးနှုန်း ကွဲပြားမှု ရှိကြပါတယ်။
“ချက်ပို့လုပ်ငန်း လုပ်တဲ့သူဆိုတာ စားသောက်ဆိုင်မတည်ဘူး၊ ဧည်သည် နဲ့ ဟိုတယ်က အော်ဒါမှာတာကို ချက်ပို့တဲ့သူကိုခေါ်တာ၊ လွှတ်ဂဏန်းဆိုတာ ဒေသခံကလေးတွေက ကမ်းခြေရောက်လာတဲ့ ဧည့်သည်တွေ ကုသိုလ်ဖြစ် လွှတ်ဖို့ဆိုပြီး ဒီရေတောထဲ ကဖမ်းပြီးရောင်းတဲ့ ဂဏန်းအသေးလေးတွေ ကိုပြောတာ” လို့ ချောင်းသာ ဒေသခံတဦးက ရှင်းပြပါတယ်။
ဂဏန်းကို ဧရာဝတီတိုင်းအတွင်းမှာ ပိသာချိန်နဲ့ ရောင်းဝယ်ကြပေမယ့် ပြင်ပဈေးကွက်ကိုတော့ သေတ္တာအလိုက် ကီလိုဂရမ်အချိန်အတွယ် နဲ့ ရောင်းကာ ဂဏန်းတသေတ္တာကို ၂၅ ကီလို ကနေ ၂၈ ကီလိုအထိ ရှိပါတယ်။
ဧရာဝတီတိုင်း အတွင်းရှိ ပင်လယ်ကမ်းခြေ နဲ့ ဒီရေတောတွေက ဖမ်းမိတဲ့ ဂဏန်းတွေကို ပုသိမ်၊ ငွေ ဆောင်၊ ချောင်းသာ၊ ငပုတော၊ ငရုတ်ကောင်း၊ လပွတ္တာ၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊စတဲ့ မြို့တွေရှိ ဂဏန်းဒိုင်တွေက ရန်ကုန် ၊ မန္တလေး၊ မူဆယ်၊ နဲ့ တရုတ်နိုင်ငံ နယ်စပ်ဈေးကွက်တွေကို တင်ပို့ကြပါတယ်။