ရုရှားရေပြင်အနီး နျူကလီယား ရေငုပ်သင်္ဘောတွေ အသင့်ပြင်ထားဖို့ အမိန့်ပေးထားတယ်လို့ ထရမ့်ပြော

ရုရှားဘက်က ထရမ့်ရဲ့ အပစ်ရပ်ရေး သတ်မှတ်ချက်ကို လိုက်နာမယ့်  လက္ခဏာ မရှိပါဘူး။

၂၊ ဩဂုတ်လ။

ရုရှားရေပြင်အနီး နျူကလီယား ရေငုပ်သင်္ဘောနှစ်စီးကို နေရာယူထားဖို့ အမိန့်ပေးထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁ရက်နေ့မှာ ပြောလိုက်ပါတယ်။

ရုရှားသမ္မတဟောင်း ၊ လက်ရှိ ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ Dmitry Medvedev ဟာ အမေရိကန်နဲ့ ပတ်သတ်လို့ ခြိမ်းခြောက်တယ်လို့ဆိုပြီး သမ္မတထရမ့်က အခုလိုတုံပြန်လိုက်တာပါ။

ဒါ့အပြင် Medvedev ရဲ့ မကြာသေးခင်က စကားလုံးတွေဟာ ရန်လိုလှုံဆော်ပြီး “စကားလုံးတွေက အင်မတန်အရေးကြီးတယ် ၊ တခါတလေ မရည်ရွယ်ထားတဲ့ အကျိုးဆက်တွေဆီ ဦးတည်သွားနိုင်တယ်” လို့ ထရမ့်က ဆိုထားပါသေးတယ်။

သူတို့နှစ်ဦးရဲ့ အပြန်အလှန်ပြောဆိုမှုတွေဟာ ယူကရိန်းမှာ အပစ်ရပ်ဖို့ ရုရှားကို သတိပေးရာကနေ စခဲ့တာပါ။

လက်ရှိ ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ ပတ်သတ်ပြီး ထရမ့်က မော်စကိုအစိုးရအနေနဲ့ ၁၀ရက်အတွင်း အပစ်ရပ်ဖို့  ဒါမှမဟုတ်ရင် ရုရှားရဲ့ ရေနံနဲ့ ဝယ်ယူတဲ့ နိုင်ငံတွေအပေါ် အခွန်စည်းကြပ်မှုသစ် ချမှတ်သွားမယ်လို့ သမ္မတ ထရမ့်က ဇူလိုင်လ ၂၉ရက်နေ့မှာ သတိပေးခဲ့ပါတယ်။

ဒါပေမယ့် ရုရှားဘက်က ထရမ့်ရဲ့ အပစ်ရပ်ရေး သတ်မှတ်ချက်ကို လိုက်နာမယ့်  လက္ခဏာ မရှိပါဘူး။

ဒါနဲ့ ပတ်သတ်ပြီး Medvedev က ရုရှားဟာ အစ္စရေးမဟုတ်သလို အီရန်လည်း မဟုတ်ကြောင်း ၊ ထရမ့်ရဲ့ လုပ်ရပ်တွေဟာ ခြိမ်းခြောက်မှုဖြစ်ပြီး စစ်ပွဲဆီ ဦးတည်တဲ့ ခြေလှမ်းတခုဖြစ်တယ်ဆိုတာနဲ့ ၊ ရုရှားမှာ နျူစွမ်းအင် တိုက်ခိုက်နိုင်စွမ်းရည်ရှိနေသေးတာကို သတိချပ်ဖို့ ပြောခဲ့ပါတယ်။

ထရမ့်ရဲ့ အပစ်ရပ်ရေး ရက်သတ်မှတ်မှုအပေါ် မော်စကိုအစိုးရက တိုက်ရိုက်မှတ်ချက်ပြုထားတာ မရှိပေမယ့် Medvedev ရဲ့ ပြောကြားချက်တွေကိုတော့ ရုရှားနိုင်ငံပိုင်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။

Ref : Reuters